Loading...

ကြုံရာကျပန်း လုပ်ကိုင်ရင်း သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ့်သူကို စောင့်မျှော်နေရတဲ့ ကစ်ကစ်


လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်တုန်းက မြန်မာဗီဒီယိုကားတွေမှာ မကြာခဏတွေ့ရတတ်ပေမယ့် အခုနောက်ပိုင်း သိပ်မတွေ့ရတော့တဲ့ သူမ။ တစ်ချိန်က ဝဝဖြိုးဖြိုးခန္ဓာကိုယ်ကလည်း လောကဓံရဲ့ကျီစယ်မှုတွေကြောင့် အခုတော့ အနည်းငယ်ပိန်ကျလို့နေပါတယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသဇာတ်ရုပ်တွေကနေ စုံလင်အောင် အသုံးတော်ခံခဲ့ပြီး ပရိသတ်ရင်ကို လှုပ်ယူနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ လာအပ်မယ့် ရှုတင်မန်နေဂျာကို မျှော်လင့်စောင့်ဆိုင်းနေသူ။ လက်ကျန်ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အိမ်လခအချိန်မီပေးနိုင်ရေး၊ သမီးငယ်ကျောင်းစရိတ်အတွက် ရတက်မအေးဖြစ်နေရတဲ့အပြင် ဆီးချိုရောဂါလည်း အပြင်းအထန်ခံစားနေရတဲ့သူ။

သူမပုံစံက အသားခပ်ညိုညို ခန္ဓာကိုယ်ဝဝတုတ်တုတ်နဲ့ အရင်က ပြည့်ဖြိုးခဲ့တဲ့ လက်မောင်းတွေကလည်း ဇရာရဲ့ရိုက်ခတ်မှုကြောင့် လျော့တွဲကျနေပါတယ်။ အသိမကြွယ်သေးတဲ့ ဖတဆိုးသမီးလေးရဲ့ နောင်ရေးကို ဘယ်လိုဖြစ်မလဲဆိုတာလဲ တွေးပူနေရပြန်ပါတယ်။ စကားပြောလိုက်တိုင်း ပြုံးပြုံးရွှင်ရွှင်ပြောတတ်ပေမယ့် မျက်ဝန်းထဲမှာတော့ ဝမ်းနည်းတဲ့အရိပ်အယောင်တွေအပြည့်။

သူမကတော့ ဝတ်မှုန်ရွှေရည် မဟုတ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ပါ။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ကတည်းက ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ ဟာသဇာတ်ပို့သရုပ်ကို စွမ်းစွမ်းတမံဆောင်ရွက်ရင်းကနေ ဝဝတုတ်တုတ်ကိုယ်ထည်နဲ့ ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့သူ။ မိသားစုစားဝတ်နေရေးအတွက် ဗေဒင်ဆရာမ၊ အကြားအမြင်ဆရာမအနေနဲ့ အသက်မွေးကြောင်းလုပ်ရပေမယ့်လည်း ရံဖန်ရံခါမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာရင် ရိုက်ကူးနေရသေးတယ်လို့ ဆိုလာပါတယ်။

ကစ်ကစ်ဟာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဆီးချိုရောဂါရဲ့နှိပ်စက်မှုကြောင့် ကျန်းမာရေးမကောင်းတော့ဘဲ ဒါရိုက်တာတွေ လစ်လျူရှုခြင်း ခံရတဲ့သူဖြစ်လာပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် လှေကားအတက်အဆင်းလုပ်တာကိုပဲ ခြေထောက်က နာကျင်နေပြီး ကြိတ်မှိတ်သရုပ်ဆောင်နေရတယ်လို့ ရင်ဖွင့်လာပါတယ်။ ပြင်ပဘဝမှာ အခက်အခဲမျိုးစုံရှိပေမယ့်လည်း ရိုက်ကွင်းကိုရောက်လာရင် ဒုက္ခတွေကို မေ့ဖျောက်ပြီး ပရိသတ်တွေ ပြုံးပျော်စေဖို့ ဟာသဇာတ်ရုပ်ကို အစွမ်းကုန်ပံ့ပိုးခဲ့ရပါတယ်။ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ပို့ဇာတ်ရံတွေဟာ မင်းသား၊ မင်းသမီးနည်းတူ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် တကယ်တမ်းနာမည်ကြီးတဲ့အခါတော့ မင်းသား၊ မင်းသမီးသာဖြစ်လာပါတယ်လို့ ဆိုပါတယ်။ “ကောင်းစားတော့ ထန်းပင်မြှစ်၊ ခံရတော့ ထန်းသီးမှုတ်”ဆိုတဲ့ မြန်မာစကားပုံသဘောပါပဲ။

“အစ်ကိုရယ် . . . ပရိုဂျူဆာကြီးရယ် အိမ်လခတွေလည်း တိုးတောင်းနေပြီ၊ အဝတ်အစားဖိုးတွေလည်း တက်နေပြီလို့ပြောပြီး အနုပညာကြေးလေး တိုးတောင်းမိရင်တော့ နောက်တစ်ယောက်ဆီ ရောက်သွားတာပဲ။ အနုပညာသမားတွေက ကန့်လန့်ကာရှေ့မှာ ရယ်ပြတယ်၊ ပြုံးပြတယ်၊ ပရိသတ်တွေကို ရယ်အောင်လုပ်နေပေမယ့် ရင်ထဲမှာတော့ သောကတွေအပြည့်ရှိပါတယ်” လို့ဆိုလာပါတယ်။

“အနုပညာအလုပ်တွေကလည်း ကိုယ့်အတွက် အရင်လောက် မကောင်းတော့ဘူး။ ကျောက်ကပ်ကလည်း နောက်ဆုံးအဆင့်တဲ့။ ဆီးချိုနှစ်ခါဖြစ်ထားလို့ ညာဘက်မျက်လုံးကလည်း ကောင်းကောင်းမမြင်ရဘူး၊ ကွယ်သလိုဖြစ်နေပီ။ သမီးလေးဆယ်တန်းပြီးရင် ငွေစုပြီးတော့ အလှပြင်ဆိုင်ပြန်ဖွင့်မလား စဉ်စားမိတယ်” လို့ အနာဂတ်အတွေးကို ရင်ဖွင့်လာပါတယ်။ 

ကလေးတစ်ယောက်အမေဖြစ်တဲ့အတွက် မိခင်စိတ်ရှိတာနဲ့အတူ အမေခန်းတွေကို သရုပ်ဆောင်ချင်ပေမယ့် ဒါရိုက်တာခိုင်းတဲ့ ဟာသဇာတ်ရုပ်တွေကိုပဲ လုပ်ကိုင်နေရတယ်လို့ဆိုပါသေးတယ်။ ခင်ပွန်းသည်ရဲ့သစ္စာမဲ့မှုတွေကြောင့် အိမ်ထောင်ရေးလည်း ပြိုကွဲခဲ့ပြီးနောက်ပိုင်းမှာ သမီးငယ်ရဲ့အနာဂတ်အတွက် မိန်းမသားဖြစ်ပေမယ့်လည်း ဖခင်တစ်ယောက်လို ရုန်းကန်နေရရှာသူလည်း ဖြစ်ပါတယ်။ သူ့မှာပိုင်ဆိုင်မှုဆိုလို့ သမီးငယ်တစ်ယောက်သာရှိပြီး ဝမ်းရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်ရင်း သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ့်သူကို စောင့်မျှော်နေရတဲ့ သူမဟာ ဘယ်သူလဲလို့မေးလာရင် ပြည်သူချစ်ဟာသအနုပညာရှင် ကစ်ကစ်တစ်ယောက်ရယ်ပါပဲ။

ကျော်စိုးအောင်(အခရာ)
www.akhayar.com

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...