======

သိုက်အိမ်လေလား၊ တိုက်အိမ်လား ?

ကျွန်တော်တို့က မန္တလေးမှာမွေး၊ မန္တလေးမှာကြီး(အသက်ကိုပြောပါတယ်)၊ မန္တလေးမှာပဲ ခုချိန်ထိနေနေကြတာဗျ။ ကဲပါ…. ကျွန်တော့်ဆွေမျိုးတွေ၊ ကျွန်တော့်အသိအကျွမ်းတွေနဲ့ ပရလောကသားတွေ ဘယ်လိုဘယ်ပုံ ကြုံဆုံခဲ့တယ်ဆိုတဲ့ လိုရင်းကိုပဲ ဆက်ပြောတော့မယ်။ ဒီလိုဗျ…ဒီလို။(၁၉၉၈)ခုနှစ်လောက်မှာ ကျွန်တော်တို့မိသားစု မန္တလေးမြို့က ရပ်ကွက်တခုကို ပြောင်းပြီး အိမ်တလုံးဆောက်နေကြပါရော။ ရပ်ကွက်နာမည်တော့ ထည့်မပြောတော့ပါဘူးနော်။ ကျွန်တော်တို့ပြောင်းနေတဲ့ အိမ်ရဲ့ဘေးနားမှာ ပေလေးဆယ်ပေခြောက်ဆယ်ဝန်းကျင်လောက်ရှိမယ့် တိုက်ပုလေးတလုံးရှိလေရဲ့။တိုက်ပုံစံလေးက တစ်ထပ်ဆိုပေမယ့် နောက်ဖက်မှာကျတော့ နှစ်ထပ်ပုံစံဖြစ်သွားတယ်ဗျ။ နှစ်ထပ်ဆိုတာက အပေါ်ကရေစင်နဲ့ စတိုခန်းပုံပေါ့။အဲ့တိုက်လေးရဲ့ကျောဖက်မှာလဲ နွယ်ပင်တွေကထောင်တတ်နေတယ်။ နွယ်တွေကလည်း သန်လိုက်တာများ ရေစင်ပေါ်ထိတောင်ရောက်တယ်။ တိုက်ပုံစံကတစ်ထပ်တည်း။ ပြီးတော့ ရှေ့ မှာအုတ်ခင်းထားတဲ့ တလင်းကြီးရှိသေးတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အိမ်အသစ်(အခုနေနေတဲ့အိမ်ပေါ့)ဆောက်တဲ့ဆီကို လိုက်သွားတိုင်း အဲ့အိမ်ကိုကြည့်လိုက်မိတာနဲ့တင် စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာမိတာကတော့ အမှန်ပဲ။ အမေ့ကိုလည်း”မေမေ အဲ့အိမ်ကြီးက တစ်မျိုးကြီးနော်….”လို့ ပြောတော့ အမေက လည်း”စိတ်ထင်လို့ ပါလို့ သားရယ် “လို့ ပဲပြန်နှစ်သိမ့် ပါတယ်။အဲ့ဒီအိမ်ကလည်း ဘယ်သောအခါမှ ပိုင်ရှင်မြဲတယ်လို့လည်း မရှိဘူး။ အမြဲတမ်းလိုလို အိမ်ပိုင်ရှင် တယောက်ပြီး တယောက်ပြောင်းနေတာ။ ပြီးတော့ အိမ်ပိုင်ရှင်တွေကလည်း အတည်တကျမနေကြဘူး။ အိမ်မှာ မနေတဲ့ အချိန်က ပိုများတယ်လို့တောင် ပြောရလေမလားပဲ။ ကျွန်တော်တို့ အဲ့ဒီအိမ်သစ်ကို စပြောင်းတဲ့အချိန်တုန်းက အဲ့ဒီတထပ်တိုက်လေးရဲ့ ပိုင်ရှင်တွေက ဆရာဝန်လင်မယားတဲ့။ မနက်ပိုင်းအချိန်တွေဆိုရင် သူတို့လင်မယား အိမ်မှာနေတယ်လို့ကို တခါမှ မမြင်မိပါဘူးဗျာ။ အိမ်ပိုင်ရှင်ဆရာဝန်လင်မယားက မနက်ပိုင်းတွေဆိုရင် အိမ်မှာတွေ့ရတယ်လို့ကို မရှိပါဘူး။ အိမ်မှာအစောင့်သဘောမျိုးနဲ့ အန်တီကြီးတယောက်ကို ခေါ်ထားတာတော့တွေ့မိသား။ ခြံချင်းကပ်ဖြစ်နေတော့လည်း တယောက်နဲ့တယောက် မျက်မှန်းတန်းမိရာကနေ ကျွန်တော့်အမေနဲ့ အဲ့ဒီဆရာဝန်လင်မယားတိုက်မှာနေတဲ့ အိမ်စောင့်အန်တီကြီးနဲ့က နည်းနည်းရင်းနှီးလာကြရောဆိုပါတော့။
ကျွန်တော်တို့အိမ်ကိုဆောက်တာ တော်တော်လေးတောင်ပြီးလုပြီးခင်ဖြစ်နေပြီး အိမ်မှာမီးကြိုးတွေသွယ်ဖို့လောက်ပဲ ကျန်တော့တဲ့အချိန်ကိုရောက်လာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အိမ်ကို ကျွန်တော့်အစ်မဝမ်းကွဲတယောက် လာလည်ရင်းနဲ့ အိမ်မှာ ညအိပ်တယ်ဗျ။ အဲ့ဒီအချိန်တုန်းက သူက ငါးတန်းကျောင်းသူဆိုတော့ ကလေးအရွယ်လို့ပြောရမှာပဲ။ ကျွန်တော့်အစ်မရောက်လာပြီးရက်သိပ်မကြာခင်မှာ ဘေးအိမ်မှာ အိမ်စောင့်နေပေးတဲ့ အန်တီကြီးက ကျွန်တော့်အမေကို ဘာပြောလဲဆိုတော့” ညီမရယ်..အစ်မတို့အခုနေတဲ့ အိမ်ကြီးက တမျိုးပဲ” တဲ့။ကျွန်တော့်အမေကလည်း ခုမှ ဒီရပ်ကွက်ထဲကိုပြောင်းလာဖို့ပြင်နေတုန်းဆိုတော့ ဒီရပ်ကွက်ထဲက အကြောင်းအရာတွေကို သေချာမသိသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီအန်တီကြီးကို ” အစ်မတယောက်တည်းနေရတာ ပျင်းနေရင် ညီမတို့အိမ်ဘက်ကို လာလည်ပါလား ” ဆိုပြီးတော့ ပြန်ပြောလိုက်ပါသေးတယ်။ စကားတခွန်းစ နှစ်ခွန်းစဆက်ပြောကြပြီး ခဏနေတော့ အန်တီကြီးလည်း သူနေတဲ့အိမ်ထဲကို ပြန်ဝင်သွားတယ်။အန်တီကြီးပြန်သွားပြီး ခဏလောက်ကြာတော့ ကျွန်တော့်အမေက သူ့တူမ(ကျွန်တော့်ဝမ်းကွဲအစ်မ)ကို”ဟိုဘက်အိမ်က အန်တီကြီးပျင်းနေဦးမယ်.. စကားလေးဘာလေးသွားပြောရင်း အလည်သွားလိုက်ဦး” တဲ့။ အဲ့ဒီအန်တီကြီးကလည်း ကျွန်တော့အစ်မကို အတော်လေး ချစ်မှန်းလည်း အမေက သိတာကိုး။ အမေက ကျွန်တော့်ကိုတော့လိုက်သွားလို့လည်း မပြောဘူးဗျ။ နဂိုကတည်းက အဲ့ဒီအိမ်ကိုကြည့်ပြီး ကျွန်တော်သဘောမကျမှန်း သိနေလို့လားတော့ မပြောတတ်ဘူး။ကျွန်တော့်အစ်မကလည်း အမေက နှစ်ခါမပြောလိုက်ရဘူး။ ခဏလောက်နေတော့ အဲ့ဒီအန်တီကြီးဆီကို သွားလည်ရော။ဟိုဘက်အိမ်ထဲကို ကျွန်တော့်အစ်မရောက်သွားတော့ အန်တီကြီးကလည်း အိမ်မှာရှိတဲ့မုန့်လေးတွေချကျွေး၊ ကျွန်တော့်အစ်မကလည်းကလေးဆိုတော့ တွတ်တီးတွတ်တာစကားတွေပြောနဲ့ ဟုတ်နေကြတာ။ သူများအိမ်က ကျွေးတာတွေ တဖြဲနှစ်ဖြဲစားသောက်လို့လည်းပြီးရော ကျွန်တော့်အစ်မ ရှူရှူးပေါက်ချင်လာတော့တာပဲ။ ဇာတ်လမ်းက အဲ့ဒီမှာ စတော့တာပဲဗျို့။ ကျွန်တော့်အစ်မက အပေါ့သွားချင်တယ်ဆိုပြီး အန်တီ့ ကိုပြောတော့ အန်တီကြီးက နောက်ဖက်မှာကွေ့ လိုက်ရင်အိမ်သာရှိတယ်လို့ ညွှန်းပေးလိုက်ပြီး သူကိုယ်တိုင်မလိုက်သွားပဲနဲ့ အိမ်ရှေ့ခန်းမှာကျန်နေခဲ့တယ်။ ကျွန်တော့်အစ်မခမျာလည်း ကိစ္စက ထိပ်ဝရောက်နေတော့ အန်တီကြီးညွှန်လိုက်တဲ့ အိမ်သာရှိရာကို လိမ်ကျစ်လိမ်ကျစ်နဲ့ ချီတက်သွားတာပေါ့။ အိမ်နောက်ဘက်ကို ဝင်သွားရင်းနဲ့ မျက်စိက ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့်တော့ အိမ်သာသွားတဲ့ လမ်းတစ်လျှောက်မှာအခန်းလေးတွေ ရှိတယ်။ ကျွန်တော့်အစ်မက လမ်းလျှောက်သွားရင်းနဲ့ တံခါးဖွင့်ထားတဲ့ အခန်းတွေထဲကို အမှတ်မထင်မျက်စိကစားမိတော့ အခန်းတစ်ခန်းထဲမှာ သူ့ ထက်တစ်နှစ် နှစ်နှစ်လောက်ငယ်မယ့်ကလေးလေးနှစ်ယောက် ဆော့နေတာကို သွားတွေ့ရော။
အဲ့ဒါနဲ့ သူ လည်း အဲ့ဒီကလေးနှစ်ကောင်ကို ကြည့်ပီးတော့ရီပြလိုက်တယ်။ ဟိုကလေးနှစ်ကောင်ကလည်း သူ့ကိုပြန်ရီပြတယ်။ သူလည်းရှူရှူးပေါက်ချင်နေတာကြောင့် အိမ်သာရှိတဲ့ဘက်ကို ဆက်လျှောက်လာရင်းနဲ့ဘေးကအခန်းမှာ ချိတ်ထဘီ နဲ့ ရင်ဖုံးအကျီင်္ဝတ်ထားတဲ့ အမျိုးသမီးကြီးတယောက် သတင်းစာဖတ်နေတာကို သွားတွေ့ပြန်ရော။ ကျွန်တော့်အစ်မပြန်ပြောပုံအရဆိုရင် သူလည်းအဲ့ဒီသတင်းစာဖတ်နေတဲ့ အန်တီကြီးကို အဲ့ဒီအိမ်မှာတခါမှ မမြင်မိပါဘူးလို့တော့ စိတ်ကထင်သားတဲ့။ အဲ့ဒီလိုနဲ့ သူလည်းအိမ်သာထဲဝင်ပြီးသူ့ကိစ္စရှင်းပြီးသွားလို့ အိမ်ရှေ့ကိုပြန်ထွက်လာတော့ ဟိုခလေးနှစ်ကောင်ရှိတဲ့ အခန်းကို တချက်ကြည့်လိုက်သေးတယ်။ အဲ့ဒီကလေးနှစ်ကောင်ကလည်း ရယ်ရယ်မောမောနဲ့ ဆော့နေကြတုန်းပဲတဲ့။ ကျွန်တော့်အစ်မကလည်း မနေနိုင်မထိုင်နိုင် အဲ့ဒီခလေးနှစ်ကောင်ဆီသွားပြီး သူပါရောပြီး ဆတ်စလူးစိန်ပါလေရော။ တခုတော့ ထူးဆန်းတယ်။ အဲ့ဒီခလေးနှစ်ကောင်လုံးက ကျွန်တော့်အစ်မကို စကားလုံးဝမပြောဘူးနော်။ တခွန်းဆို တခွန်းမှ မေးထူးခေါ်ပြောမလုပ်ကြတာတဲ့။ ဆော့နေရင်းနဲ့ သူတို့သဘောကျရင်တော့ အသံထွက်ပြီး ရယ်တယ်။ ကျွန်တော့်အစ်မလည်း ဆော့လို့မောလာတော့မှ အိမ်ရှေ့ကိုပြန်ထွက်လာပြီး အိမ်စောင့်တဲ့ အန်တီကြီးကို စကားသွားပြောတယ်။အိမ်ရှေ့ရောက်တော့ အန်တီကြီးက ကျွန်တော့်အစ်မကို” သမီး ee ပါနေတာလား?? အိမ်သာသွားတာ ကြာလိုက်တာ…လက်ကိုရော ဆပ်ပြာနဲ့ သေချာဆေးခဲ့ရဲ့လား??? လို့ မေးတော့ ကျွန်တော့်အစ်မက…”မဟုတ်ပါဘူး အန်တီ သမီး အန် တီ့ ကလေးတွေနဲ့ ခဏဆော့နေတာ အန်တီ့ ကလေးတွေက သမီးကိုစကားလည်း ပြန်မပြောကြဘူး၊အန်တီ့ ညီမကတော့ သတင်းစာဖတ်နေတယ်” လို့ လည်းပြောလိုက်ရော အိမ်စောင့်အန်တီကြီး မျက်လုံးပြူးသွားပြီး သူ့ပါးစပ်ကနေ ဟမ် ဆိုတဲ့ စကားသံတသံပဲ ထွက်လာတယ်။ ပြီးတာနဲ့ ကျွန်တော့ အစ်မကို လက်ဆွဲခေါ်ပီး ကျွန်တော်တို့ အိမ်ကိုပြေးချလာတော့တာပဲ။ကျွန်တော့ အစ်မကလည်း ခလေးဆိုတော့ ဘာမှန်းညာမှန်းလည်း နားမလည်ဘူး။ အူကြောင်ကြောင်မျက်နှာပေးနဲ့ အန်တီကြီးဆွဲခေါ်တဲ့အတိုင်း အိမ်ကို ပြန်လိုက်လာတယ်။ ကျွန်တော်တို့ အိမ်ကိုရောက်တော့ အမေ ကဘာဖြစ်လာတာလဲမေးတော့ တန်းမဖြေနိုင်ရှာဘူး။ ယပ်တောင်တွေဘာတွေခပ်ပြီးမှ သူတို့အိမ်မှာ ကျွန်တော့်အစ်မ ဘယ်လိုတွေ့ ခဲ့တဲ့အကြောင်း၊ သူ့ မှာကလေးလည်းမရှိကြောင်း၊ ညီမလည်းမရှိကြောင်း….. အပျိုကြီးဖြစ်ကြောင်း ပြောပြတယ်။အဲ့ဒီတော့မှ ကျွန်တော့အစ်မရော၊ ကျွန်တော့်အမေပါ လန့် ဖြန့်ကုန်ကြတာ။ ဟိုအန်တီကြီးခမျာလည်း အဲ့နေ့ တစ်နေ ကုန်လို့ ညရောက်တဲ့အချိန်အထိ ဆရာဝန်လင်မယားပြန်လာတာတောင်မှ အဲ့ဒီဘက်အိမ်ကို ပြန်မအိပ်ရဲရှာတော့ဘူး။ကျွန်တော်တို့အိမ်မှာပဲ တောင်းတောင်းပန်ပန်နဲ့ တညအိပ်သွားပြီး မနက်မိုးလင်းတာနဲ့ သူ့ဆွေမျိုးတွေဆီ တန်းပြီး ပြန်သွားပါလေရော။ ဆရာဝန်လင်မယားလည်း ဘုမသိဘမသိနဲ့ နားမလည်နိုင်အောင် ဖြစ်ပြီး ကျန်ခဲ့တော့တာပါပဲ။
ဇာတ်လမ်းကဒီလောက်နဲ့တင်မပြီးနိုင်သေးဘူး။ ပြောစရာ ကျန်နေသေးတယ်။ အဲ့အိမ်ရဲ့ နောက်ဖက်မှာက မြေကွက်လပ်ကြီးအလွတ်ကြီးရှိပြီးတော့ အဲ့ဒီမြေကွက်အလွတ်ဘေးမှာတော့ အိမ်တွေရှိတယ်။
အဲ့ဒီအိမ်တွေထဲမှာမှ ကျွန်တော်တို့အိမ်ရဲ့နောက်ဖေးအိမ်က စပရိန်တွေလုပ်တဲ့လုပ်ငန်းလုပ်တယ်။ အခုတော့ ပြောင်းသွားကြပါပြီ။သူတို့က အဲ့ဒီစပရိန်လုပ်ငန်းကို မိသားစုလိုက်လုပ်ကြတာဗျ။ တနေ့တော့ နေ့ခင်းဘက်ကြီး နေ့လည်စားစားတဲ့အချိန်မှာ သူတို့မိသားစုထဲကအမျိုးသားတယောက် ဆရာဝန်လင်မယားရဲ့တိုက်အနောက်ဖက်က မြေကွက်ထဲမှာ ထမင်းမစားသေးပဲ ဇွဲကောင်းကောင်းနဲ့ အလုပ်လုပ်နေရင်းကနေ ဆရာဝန်လင်မယားနေတဲ့တိုက်ရဲ့ နောက်ကျောဖက်က နွယ်ပင်တွေဆီကို သွားကြည့်မိတယ်။ သူကြည့်မိတဲ့နေရာက အိမ်သာတည့်တည့်ကို သွားကြည့်မိလိုက်တာ။ တချို့နယ်က အိမ်သာတွေမှာ လေဝင်ပေါက်သဘောမျိုး အုတ်နီခဲတွေလှပ်ထားသလိုမျိုး ဖောက်ထားတဲ့ အပေါက်လေးတွေရှိတတ်ပါရောလား။အဲ့ဒီတိုက်ကအိမ်သာမှာလည်း အဲ့လိုအပေါက်လေးရှိတယ်။ သူကြည့်နေတုန်းအချိန်မှာတင် အဲ့ဒီအိမ်သာလေဝင်ပေါက်ထဲကနေ လက်ငါးချောင်းထွက်လာပြီး သူ့ကို တာ့တာပြသလိုလို၊ ချဲဂဏန်းပေးသလိုလိုထောင်ပြလိုက်တာလည်း မြင်လိုက်ရရော…”အောင်မလေးဗျ” လို့ခေါ်ပြီး သူတို့အိမ်ထဲကို လုံးနေအောင် ဝင်ပြေးသွားလိုက်တာများဗျာ အနောက်ကနေ ဟစ်တလာ လိုက်လာလို့ ပြေးလာသလားမှတ်ရလောက်တယ်။အဲ့ဒီအိမ်ထဲမှာ ခလေးနှစ်ကောင်နဲ့တွေ့လာတဲ့ ကျွန်တော့်အစ်မရဲ့ အစ်ကိုအရင်းလည်း တခါကြုံလိုက်ရပါသေးတယ်။သူကြုံလိုက်ရတာကတော့ ၂၀၁၀ ခုနှစ်လောက်တုန်းကဗျ။ အဲ့ဒီတုန်းက ညဘက်ကြီး သူအရက်မူးပြီး ကျွန်တော်တို့အိမ်ကို ရောက်ချလာတယ်။ သူမော့လာတဲ့အရှိန်နဲ့ဆိုတော့ ရှူရှူးဖလားဝါးမယ်ဆိုပြီး အိမ်သာနားကို သွားရော။(သူတို့မောင်နှမတွေက သူများအိမ်ရောက်လာရင် အိမ်သာဝင်တတ်တဲ့ အကျင့်များရှိလားမပြောတတ်ပါဘူး။)ယောက်ျားလေးဆိုတော့ အိမ်သာထဲမဝင်တော့ပဲ ထွက်ရပ်ပေါက်လမ်းစဉ်ကိုလိုက်ပြီး ပန်းတော့တာပဲ။ အဲ့ဒီအချိန်မှာ ဘာရယ်မဟုတ်ပဲ သူ့ဘေးဘယ်ညာကို ကြည့်မိရင်းက ဘေးအိမ်ရဲ့ခေါင်မိုးပေါ်ကို အကြည့်ရောက်သွားတော့ ဘာသွားတွေ့တယ်မှတ်တုန်း။ ခေါင်မိုးပေါ်ကနေ လူလုံးမသဲမကွဲနဲ့ မည်းမည်းအရိပ်ကြီးတခု သူရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ခုန်ဆွခုန်ဆွ လုပ်ပြနေတာသွားတွေ့တာ။ ကျွန်တော့်အစ်ကိုက နဂိုကတည်းက မကြောက်တတ်တဲ့အပြင် အရက်ကလည်း မူးနေသေးတော့ မေတ္တာပို့ပေးလိုက်တယ်။ အရက်သမားမေတ္တာကို ခေါင်မိုးပေါ်ကပုဂ္ဂိုလ်က ဘယ်လိုခံယူလေသလဲတော့ ကျွန်တော်လည်း မသိဘူး။ သူ့ပါးစပ်က ရွတ်လို့လည်းပြီးရော ချက်ချင်းပျောက်သွားပါလေရောတဲ့ဗျို့။ကျွန်တော်တို့ အမျိုးထဲမှာ ဦးဇင်း ဦးသုန်ဆိုတာ ရှိတယ်ဗျ။ ဘွဲ့ နာမည်ကတော့ သုန္နရပါ။ သူကငယ်ငယ်တုန်းက အရမ်းဆိုးတာ။အရက်လည်း အရမ်းသောက်တာလေ။ မိန်းမရပြီးကလေးနှစ်ယောက်ရတဲ့အချိန်အထိကို ဆိုးတုန်း။ပေတုန်း။ အဲ့ဒါနဲ့ သူ့ ကို ဦးဇင်းဝတ်ပေးမှပဲဖြစ်မယ်ဆိုပြီး ၀တ်ပေးလိုက်တာ ရာသက်ပန်ဖြစ်သွားတယ်ဆိုပါတော့။မနှိုင်းစကောင်းနှိုင်းစကောင်း အင်္ဂုလိမာလ ကိုယ်တော်တို့လို လူစားမျိုးထင်ပါ့။ သူသာသနာ့ဘောင်ဝင်သွားပြီးနောက်ပိုင်း ကျွန်တော်တို့အိမ်ကို ကြွလာတော့ မိန့်သွားတာက အဲ့ဒီအိမ်ဘက်မှာ သိုက်နန်းရှိသတဲ့ဗျ။ အဲ့ဒါကြောင့်မို့လို့လည်း လူတွေမနေနိုင်တာတဲ့။ နောက်ပြီး သူတို့ရှိနေမှန်းကိုလည်း လူတွေသိအောင် ပြကြတာတဲ့။ ဟုတ်မယ်ဆိုရင်လည်း ဟုတ်လောက်ပါတယ်လေ။ အဲ့ဒီအိမ်ကိုပြောင်းလာတဲ့ မိသားစုတွေလည်း အဲ့ဒီအိမ်မှာ မနေနိုင်ကြဘူး။ ခြောက်လှန့်လို့ မနေနိုင်ကြတာထက် ကံကြမ္မာကြောင့်မနေဖြစ်တဲ့ပုံစံအနေအထားမျိုးနဲ့ အဲ့ဒီအိမ်မှာမနေအားကြတာ။ဒီလိုနဲ့ နွေရာသီရောက်စပြုလာတဲ့အချိန်မှာ နောက်တမျိုးကြုံကြရပြန်ပါရော။ အိမ်မှာနေတဲ့ ကျွန်တော့်ဦးလေးတယောက်ကို အိပ်မက်ထဲမှာ “ငါတို့ ညညဆို ရေဆာလို့ ရေလေးစီစဉ်ပေးပါ “ဆိုပြီး လာပြောသတဲ့။မနက်မိုးလင်းတော့ အိမ်ကလူတွေကို အသိပေးပြီး ရေအိုးတလုံးမှာ ရေဖြည့်ပြီး ကျွန်တော်တို့အိမ်နဲ့ သူတို့အိမ်ကြားက အုတ်တံတိုင်းပေါ်မှာ တင်ထားပေးလိုက်တယ်။ လူကြီးတွေလုပ်နေတာကို ဘေးကနေကြည့်နေရတဲ့ ကျွန်တော့်စိတ်ထဲမှာတော့ အဲ့ဒီအိုးထဲကို အရက်ခပ်ပြင်းပြင်း နှစ်ပုလင်းလောက်သွားထည့်ပစ်လိုက်ချင်တာ။ သိုက်ကပုဂ္ဂိုလ်တွေအရက်မူးလာရင် ဘယ်လိုများနေမှာပါလိမ့်ဆိုတာ သိချင်လို့လေ။ လုပ်တော့ မလုပ်ဖြစ်လိုက်ပါဘူး။ အဲ့လိုမလုပ်ဖြစ်လိုက်တာကပဲ ကျွန်တော့်အတွက်ခပ်ကောင်းကောင်းဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ညဘက်တွေဆိုရင် ကျွန်တော်တို့အိမ်နှစ်လုံးကြား အုတ်တံတိုင်းပေါ်က ရေအိုးဆီကနေ တဂျစ်ဂျစ်နဲ့ ရေခပ်သောက်တဲ့အသံတွေကြားရပြီး သွားကြည့်လိုက်ပြန်ရင် ဘာမှမရှိဘူးဗျ။ချောင်းကြည့်လိုက်ရင်လည်း အသံကတိတ်သွားတတ်တာ။ ပြီးတော့ ရေအိုးကလည်းပေါက်မနေပဲနဲ့ အပြည့်ဖြည့်ထားတဲ့ဟာ နှစ်ရက်လောက်နေရင် အိုးထဲမှာရေမရှိတော့ဘူး။ ကျွန်တော်တို့ မန္တလေးမှာ နွေရာသီဘယ်လောက်ပဲပူပူ ရေအိုးထဲမှာ အပြည့်ဖြည့်ထားတဲ့ရေက အိုးမပေါက်၊ ခပ်မသောက်ပဲ အငွေ့ပြန်တာနဲ့တင် နှစ်ရက်အတွင်း ကုန်နိုင်ပါ့မလား စဉ်းစားစရာပဲ။ ဘယ်သူကရော အုတ်တံတိုင်းပေါ်တင်ထားတဲ့ ရေအိုးကရေကို အပင်ပမ်းခံ၊ ညအိပ်ရေးပျက်ခံပြီး ညတိုင်းလာသောက်မှာတုန်းဗျာ။ကျွန်တော်ပြောချင်တာတွေလည်း ကုန်သလောက်တော့ ရှိပြီ။ ကျွန်တော်ကတော့ အဲ့ဒီအိမ်နဲ့ ပတ်သက်ပြီး ခုထိ ထူးထူးဆန်းဆန်းဘာမှတော့ ကိုယ်တိုင်မကြုံဖူးသေးသလို ကြုံလည်း ကြုံချင်ပါဘူး။ ငယ်ငယ်လေးတည်းက ကျူရှင်ကနေ အိမ်ပြန်လာတဲ့အခါတွေကျရင် အဲ့ဒီအိမ်ကို မကြည့်ရဲခဲ့တာ ခုချိန်ထိပါပဲ။ စာရိုက်နေရင်းနဲ့တောင် ကြက်သီးထမိတယ်။ညဥ့်နက်လာလေလေ ကိုယ့်အိမ်ထဲကို မြန်မြန်ဆန်ဆန် တန်းနေအောင်ဝင်တတ်တဲ့ အကျင့်ကောင်းလေးရှိနေတာလည်းအဲ့ဒီအိမ်ကြောင့်ပဲလို့ပြောရင်တောင်ရလောက်တယ်။ တိုက်အိမ်ဆိုပေမယ့် သိုက်ရှိတယ်ဆိုတော့လည်း သိုက်အိမ်လို့တောင် အမည်ပြောင်းပေးလိုက်ချင်သား။ ဒါပေမယ့် မမြင်အပ်တဲ့ ပရလောကသားတွေနဲ့ ပတ်သက်ရမှာကိုတော့
မလိုလားတာ အမှန်ပါခင်ဗျာ။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...