======

မုန်တိုင်းသတိပေးချက်


(၂၀၁၇ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“မိုရာ”( Cyclonic Storm “Mora”) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်- အနောက်မြောက်ဘက် (၁၉၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၁၂)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) အဖြစ်သို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်တွင် မြောက် လတ္တီကျု(၁၇.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀) နှုန်းအထိ ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း ဘင်္ဂလားဒေရှ့် ကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းခြေကို ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အကြံပြုအပ်ပါသည်။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...