======

ပါရီမြေအောက် သင်္ချိုင်းဟောင်း ဥမင်များထဲ သုံးရက်ကြာ ပိတ်မိနေသည့် လူငယ်နှစ်ဦး ကို ကယ်တင်


မြေအောက် သင်္ချိုင်းဥမင်များထဲရှိ တားမြစ်ဧရိယာတစ်ခု။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ ရှေးဟောင်း သင်္ချိုင်းဂူ ဥမင်များထဲတွင် သုံးရက်ကြာ ပိတ်မိနေခဲ့သည့် ဆယ်ကျော်သက် လူငယ် နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
၁၈ ရာစုနှောင်းပိုင်းက တည်ဆောက်ခဲ့သည့် မြေအောက် သင်္ချိုင်းဂူများ၏ နံရံတွင် လူ့အရိုးခေါင်းများကို ထည့်သွင်းမြှုပ်နှံထားပြီး သေခြင်းအင်ပါယာဟု တင်စားခေါ်ဝေါ်လေ့ ရှိသည်။ အဆိုပါ သင်္ချိုင်းဂူ၏ ဥမင်လမ်းများသည် ကီလိုမီတာ ၂၅၀ မျှ ရှည်လျားပြီး ပါရီမြို့တော်၏ မြေအောက်ဘက်တွင် ယှက်ဖြာလျက် ရှိသည်။ ထိုဥမင်များထဲတွင် လူပေါင်း ခြောက်သန်းခန့်၏ ရုပ်ကြွင်းများ ရှိနေကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
လူငယ်နှစ်ဦးမှာ ဂူသင်္ချိုင်း ဥမင်များထဲ လှည့်လည် ကြည့်ရှုနေရင်း မျက်စိလည် လမ်းပျောက်သွားခြင်း ဖြစ်သည်။ ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသား နှစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းကြောင့် ပါရီရဲတပ်ဖွဲ့သည် အနံ့ခံ ခွေးများကို အသုံးပြုကာ သင်္ချိုင်းဟောင်း ဥမင်များထဲ ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့သည်။
လူငယ်နှစ်ဦးကို တွေ့ရှိချိန်တွင် ၎င်းတို့မှာ အလွန်အမင်း ကိုယ်အပူချိန် ကျဆင်းနေကြပြီး ဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း သိရသည်။ “ခွေးတွေရဲ့ ကျေးဇူးပါ။ ခွေးတွေက သူတို့ကို ရှာတွေ့ခဲ့တာလေ”ဟု ပါရီ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။
ပါရီ မြေအောက် သင်္ချိုင်းများကို ၁၇၈၀ ပြည့်လွန်နှစ်များက စတင် အသုံးပြုခဲ့သည်။ ထိုနေရာသည် မူလက သတ္တုတွင်းဟောင်းများ ဖြစ်ကြပြီး သေဆုံးသည့် မြို့ခံများကို ထားရှိ မြှုပ်နှံရာမှာ ချောက်ချားစရာ နေရာတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုသင်္ချိုင်းဟောင်း နေရာသည် ကမ္ဘာလှည့် ပြည်သူများကို အထူးဆွဲဆောင်လေ့ ရှိသော်လည်း ဥမင်အများစုကို ပိတ်ထားကာ ပြင်သစ်ဥပဒေဖြင့် ကာကွယ်ထားသည်။ ရဲများကလည်း မြေအောက်ဥမင်များထဲ လှည့်လည်စစ်ဆေးကာ သတ်မှတ်ချက် ဖောက်ဖျက်သူများကို ဖမ်းဆီး ဒဏ်ရိုက်လေ့ ရှိသည်။
ထိုကဲ့သို့ ကြပ်မတ် အရေးယူလေ့ ရှိသည့်တိုင် တားမြစ် ဥမင်များထဲ ခိုးဝင်မှုကို အပျော်သဘော ပြုလုပ်နေသူများ ရှိပြီး ထိုနေရာတွင် ပါတီပွဲ ကျင်းပမှုမျိုးပင် ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။
Ref: AFP
Credit: 7Day

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...