======

ရင်ကိုစူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး


ကျွန်မမှာ ကျွန်မထက် သုံးနှစ်ငယ်တဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ ကျွန်မတို့ဟာ ဆင်းရဲ လွန်းတာကြောင့် ကျွန်မတို့ ပတ်ဝန်းမှာ ရှိသော မိန်းကလေးငယ်လေး တွေအားလုံး လိုလိုမှာ ရှိကျတဲ့ လက်ကိုင်ပဝါ လေးတစ်ထည်တောင် မဝယ်နိုင်ရှာပါဘူး။ ကျွန်မလဲ သူများနည်းတူ လက်ကိုင်ပဝါလေး တစ်ထည်လောက် လိုချင်မိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မဟာ တစ်နေ့မှာ ဖေဖေ့ စားပွဲ အံဆွဲထဲက ပိုက်ဆံအနည်းငယ်ကို ဖေဖေမသိအောင် ခိုးယူမိပါတယ်။ ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက် သွားတာကို သိပါတယ်။ ထို့ကြောင့်ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ လက်ထဲမှာလဲ ကြိမ်လုံးကို ကိုင်ထားပြီး
"ငါ့စားပွဲအံဆွဲထဲက ပိုက်ဆံ ဘယ်သူခိုးသလဲ"
ဟုမေးပါတယ် ကျွန်မလေ ကျက်သေသေ သွားပြီး စကားပြော မထွက်အောင် ပင် အရမ်း တုန်လှုပ် ခြောက်ခြား သွားပါတယ်။ တစ်ယောက်ကမှ အပြစ်ကို ဝန်မခံ ကြပါဘူး။ အဲဒီတော့ ဖေဖေက
"ကောင်းပြီလေ ဘယ်သူကမှ ဝန်မခံ ချင်မှတော့ နှစ်ယောက် စလုံးကို ရိုက်ရမှာပေါ့" 
လို့ပြောပြီး ကြိမ်လုံးလုံးကို မြှောက်ခါ ကျွန်မကို စရိုက်ရန် ရွယ်လိုက် သောအခါ မောင်လေးက ဖေ့ဖေ့ရဲ့ လက်ကို ဆွဲဖမ်းလိုက်ပြီး 
"ဖေဖေ ပိုက်ဆံခိုးတာ သားပါ"
လို့ပြောလိုက်ပါတယ်။ ကြိမ်လုံးရှည်ကြီးဟာ မောင်လေးရဲ့ ကြောပြင်ပေါ်ကို တဖြန်းဖြန်း ကျလာပါတော့တယ်။ ဖေဖေဟာ အသက်ရှုရပ်သွားလောက်အောင် မောင်လေးကို ရိုက်တဲ့အထိ ဒေါသထွက် နေခဲ့ပါတယ်။ ရိုက်လဲပြီးရော ဖေဖေက
"မင်းဟာ ကိုယ့် အိမ်က ပစ္စည်းကို ခိုးတတ်နေပြီ နောင်မှာ ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လုပ်လာနိုင်အုံးမယ် မသိဘူး။ မင်းကိုတော့ သေအောင် ရိုက်ပစ် သင့်တာပဲ။ မင်းဟာ တော်တော် အရှက်မရှိတဲ့ သူခိုးပဲ" 
ဟု ဆူပူ ကြိမ်းမောင်းပြန်ပါတယ်။ အဲဒီညက သူ့တစ်ကိုယ်လုံး အရိုက်ခံ ရတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ ဒါပေမယ့် သူမျက်ရည် တစ်စက် မကျခဲ့ပါဘူး။ ညသန်းခေါင် လောက်အချိန်ထိ ကျွန်မ အိပ်မပျော်နိုင် ဖြစ်ပြီး စိတ်မကောင်းစွာဖြင့်ကျွန်မ အော်ငိုမိပါတယ်။ ထိုအခါ မောင်လေးက ကျွန်မပါးစပ်ကို သူ့လက်ကလေးနဲ့ ပိတ်လိုက်ပြီး 
"အစ်မ မငိုနဲ့တော့နော် အားလုံးက ဖြစ်ပြီး သွားပြီလေ" တဲ့။
ကျွန်မဟာ ကိုယ်လုပ် ခဲ့တဲ့အပြစ်ကို ဝန်ခံနိုင်တဲ့ သတ္တိ မရှိတဲ့ အတွက် ကိုယ့်ကိုကို အခုထိ မုန်းနေတုန်း ပါပဲ။ နှစ်တွေ ကုန်လွန်သွားပေမယ့် မနေ့ တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုလို ရှိနေတုန်းပါပဲ။ ကျွန်မကို ကာကွယ်ခဲ့တုန်းက မောင်လေးရဲ့ ဝန်ခံခဲ့ တဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
မောင်လေးက အသက် (၈)နှစ် ကျွန်မက အသက်(၁၁) နှစ် အရွယ်မှာပေါ့။
မောင်လေး secondary school နောက်ဆုံးတက်ရတဲ့ နှစ်တုန်းက သူ upper secondary school မှာ ဆက်တက်ခွင့် ရခဲ့တယ်။ 
တစ်ချိန်တည်းမှာပဲ ကျွန်မဟာ ပြည်နယ် တက္ကသိုလ် တစ်ခုမှာ တက်ခွင့် ရခဲ့ပါတယ်။ အဲဒီနေ့ညက ဖေဖေဟာ ဆေးလိပ် တစ်ဘူးပြီး တစ်ဘူး သောက်ပြီး မေမေနဲ့ဖေဖေ ပြောနေတဲ့ စကားကို ကျွန်မကြားခဲ့ရပါတယ်။
"ဒို့ကလေး နှစ်ယောက်စလုံးက ရလဒ် ကောင်းကြတယ်။ တကယ်ကို ကောင်းကြတာကွာ။"
မေမေက မျက်ရည်သုတ် သက်ပြင်းချရင်း
"အမှတ်ကောင်းတော့ရော ဘာအသုံးကျမှာလဲ နှစ်ယောက်စလုံးအတွက် ဘယ်လို ငွေကြေး တတ်နိုင်မှာလဲ"
လို့ပြန်ပြောတယ်။ အဲဒီလို ပြောနေကြတုန်း မောင်လေးက ပြေးထွက်သွားပြီး ဖေ့ဖေ့ရှေမှာ ရပ်ပြီး
"ဖေဖေ သားစာ ဆက်မသင်ချင်တော့ဘူး ဒီလောက် သင်ရပြီးရင် တော်ပါပြီ" တဲ့ ထိုအခါ ဖေဖေက မောင်လေးမျက်နှာကို သူ့လက်ဝါးနှင့် လွှဲရိုက်ပြီး
"မင်းဘာဖြစ်လို့ ဒီလောက်တောင် စိတ်ဓါတ် အားနည်းနေရတာလဲ မင်းတို့ မောင်နှမကို ကျောင်းထားရလို့ ငါလမ်းထွက်ပြီး တောင်းစားရ တောင် မင်းတို့နှစ်ယောက်စလုံး ကျောင်းပြီး တဲ့အထိ ငါ ကျောင်းထားမယ်"
အဲဒီနောက်တော့ဖေဖေဟာ တစ်ရွာလုံးက အိမ်တွေကို တံခါးလိုက် ခေါက်ပြီး ငွေချေးတော့တာပေါ့။ ကျမကတော့ မောင်လေးရဲ့ ရောင်ရမ်းနေတဲ့မျက်နှာလေးကို ကျမလက်လေးနှင့် အတတ်နိုင်ဆုံး ညင်ညင် သာသာလေး ကိုင်စမ်းရင်း 
"မောင်လေးရယ် ယောက်ကျားလေးဆိုတာ ကျောင်းပြီးအောင် စာသင်ရမယ် မဟုတ်ရင် အစ်မတို့ အခု ရင်ဆိုင်နေရတဲ့ ဆင်းရဲမှုကို လွန်မြောက်အောင် မောင်လေး လုပ်နိုင်မှာ မဟုတ်ဘူးလေ" လို့ ပြောမိတယ်။
တစ်ခြားတစ်ဖက်မှာတော့ ကျွန်မဟာ တက္ကသိုလ် ဆက်မတက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ နောက်နေ့ မနက် အာရုံ မတက်ခင်မှာတော့ ဟောင်းနွမ်းစုတ် ပြတ်နေတဲ့ အဝတ်လေး နည်းနည်းပါးပါးရယ် ပဲသီးခြောက် နည်းနည်းရယ်ကို ယူပြီး မောင်လေး အိမ်ကနေ လစ်ထွက်သွားတာကို ဘယ်သူမှ မသိလိုက်ကြဘူးလေး ကျမ အိပ်ယာဘက်ကို အသာလေး လာပြီး ခေါင်းအုံးအာက် စာတိုလေး ထားသွားခဲ့တယ်။ သူ့စာလေးက
"အစ်မရယ် တက္ကသိုလ် တက်ခွင့် ရတယ်ဆိုတာ လွယ်တာမဟုတ်ဘူးနော် ကျွန်တော် အလုပ်တစ်ခု သွားရှာပြီး အစ်မဆီ ငွေပို့ပေးမယ်နော်"
တဲ့ အိပ်ယာပေါ် ထိုင်ပြီး စာလေးကို ဆုပ်ကိုင်ထားရင်း အသံမထွက်တော့ပဲ ကျမငိုခဲ့ရပါတယ်။
မောင်လေးက အသက်(၁၇) ကျမက(၂၀) နှစ် ယောက်တဲ့နှစ်ကပေါ့။
ဖေဖေ တစ်ရွာလုံးက ချေးငှားထားတဲ့ ငွေရယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘိလပ်မြေ သယ်လို့ မောင်လေးရတဲ့ ငွေလေးတွေနှင့် နောက်ဆုံးမှာတော့ တက္ကသိုလ် တတိယနှစ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မ အခန်းထဲမှာပဲ စာဖတ်နေတုန်း အခန်းဖော်သူငယ်ချင်းက လာပြီး "အပြင်မှာ ရွာသားတစ်ယောက်က မင်းကိုလာပြီး စောင့်နေတယ်" လို့ပြောတယ်။ ရွာသားတစ်ယောက်က ဘာလို့ကျမကို လာရှာနေတာပါလိမ့်။ ကျမ အပြင်ကိုထွက်ပြီး ကြည့်လိုက်တော့ အဆောင်နဲ့ ခပ်ဝေးဝေးနားမှာပဲ မောင်လေးကို မြင်လိုက်တယ်။ သူ့တစ်လုံးမှာလဲ အမှုန်တွေ ဘိလပ်မြေတွေ သဲတွေ နဲ့ တစ်ကိုယ်လုံး ညစ်ပတ်နေတာပေါ့။ ကျွန်မလဲ မောင်လေးနားကိုရောက်တော့ "မောင်လေးရယ် အစ်မရဲ့ အခန်းဖော်ကို မင်းဟာ အစ်မရဲ့မောင်းလေးပါလို့ ဘာလို့ မပြောရတာလဲ"
"ကျွန်တော့်ပုံကိုလည်း ကြည့်အုံးလေ ကျွန်တော်ဟာ အစ်မမောင်လေးပါဆိုရင် သူတို့တွေ အစ်မကို ဘယ်လို ထင်ကုန်မလဲ အစ်မကို သူတို့တွေ ဟားမှာပေါ့ အထင်သေးကုန်မှာပေါ့ဗျာ "
လို့ ပြုံးပြုံးလေးနှင့် ပြန်ပြောတယ်။ ကျွန်မလဲ အလွန်စိတ်ထိခိုက်ရပြီး
့်မောင်လေးရဲ့ ကိုယ်ပေါ်က ဘိလပ်မြေအမှုန်တွေ သဲတွေကို သုတ် ပြစ်လိုက်ပြီး 
"တစ်ခြားလူတွေ ဘာပြောပြော အစ်မ ဂရုမဆိုက်ဘူး မောင်လေးက ဘာပုံပဲ ပေါက်နေပေါက်နေ မောင်လေးဟာ အစ်မရဲ့ မောင်လေးပါ။"
လို့ပြောလိုက်တယ်။ မောင်လေးကသူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးကို ထုပ်ခါ ကျွန်မရဲ့ ဆံပင်ကို ညှပ်ပေးပြီး
"မြို့က မိန်းကလေးတွေ အားလုံးရဲ့ ခေါင်းမှာ ဒီလိုမျိုး ဆံညှပ်လေးတွေ
ုညှပ်ထားတာကို ကျွန်တော် တွေ့တယ် ဒါ့ကြောင့်မို့ အစ်မမှာလဲ တစ်ခုလောက်တော့ ရှိသင့်တယ်လို့ ကျွန်တော် ထင်လို့လေ"
တဲ့ ကျွန်မလဲ မထိမ်းချုပ် နိုင်တော့ပဲ မောင်လေးကို ဆွဲဖက်ပြီး ငိုမိတယ်
မောင်လေးအသက်(၂၀) ကျွန်မ အသက်(၂၃) နှစ် အရွယ်ကပေါ့
့ကျွန်မရဲ့ရည်းစားကို အိမ်ကို စပြီး ခေါ်ခဲ့တုန်းက ကွဲနေတဲ့ ပြတင်းပေါက်တွေကို ပြင်ထားတာ ကျွန်မ သတိထားမိတယ်။ အိမ်ကိုလဲ သန့်ရှင်းနေအောင် တိုက်ချွတ် ဆေးကြော ထားတယ်။ ကျွန်မရည်းစား ပြန်သွားတော့ မေ့မေ့ရှေ့မှာ ကလေးမ လေးလို ကရင်း
"မေမေ အိမ်ကို သန့်ရှင်းရေးလုပ်တာ အဲဒီလောက် အချိန်ကုန် ခံစရာမလိုပါဘူး"
လို့ပြောလိုက်တယ်။ ဒါပေမယ့် မေမေက ပြုံးပြီးတော့
"အိမ်ကို သန့်ရှင်းရေး လုပ်ဖို့ အစောကြီး ထလုပ်တာ သမီးရဲ့မောင်လေးပါ။ သူ့လက်က ဒဏ်ရာကို သမီး မမြင်ဘူးလား အဲဒါ ပြတင်းပေါက်ကို လဲတပ်တုန်း သူ့လက် ထိသွားတာလေ"
တဲ့။ ကျွန်မလဲ မောင်လေးရဲ့ အိပ်ခန်းထဲထိ လိုက်သွားလိုက်တယ်။ မောင်လေး မျက်နှာကို ကြည့်ရင်း ကျွန်မရဲ့ ရင်ထဲမှာ ရာပေါင်း များစွာသော အပ်တွေ စူးဝင်နေသလို ခံစားရတယ်။ မောင်လေးဒဏ်ရာကို ဆေးလိမ်းပေး ပတ်တီးစည်းပေးပြီး 
"နာလားဟင်" လို့မေးတော့
"ဟင့်အင်း မနာပါဘူး ဆောက်လုပ်ရေး ဆိုက်မှာဆိုရင် ကျောက်ခဲတွေက ကျွန်တော့်ရဲ့ ခြေထောက် ပေါ်ကို တစ်ချိန်လုံး ကျနေတာလေ အဲဒါတောင်မှ ကျွန်တော့်ကို အလုပ် မလုပ်အောင် မတားဆီးနိုင်ပါဘူး" တဲ့
ကျွန်မ မောင်လေးကို ကျောပေး လိုက်ပေမယ့် ကျွန်မရဲ့ မျက်ရည်တွေကတော့ ကျွန်မ ပါးပြင်ပေါ်ကို လိမ့်ဆင်းကျလာပါတယ်။
မောင်လေးအသက်(၂၃) ကျွန်မအသက်(၂၆) နှစ်မှာပေါ့ 
လက်ထပ်ပြီးတဲ့နောက် ကျွန်မဟာ မြို့မှာနေပါတယ်။ ကျွန်မခင်ပွန်း ကျွန်မ မိဘတွေနှင့် မောင်လေးကို ကျွန်မတို့နှင့် အတူလာနေဖို့ အကြိမ်ပေါင်း များစွာခေါ် ပါတယ်။
ဒါပေမယ့် မိဘတွေကလာ မနေချင်ကြပါဘူး။ ရွာကထွက်လိုက်တာနဲ့ သူတို့ ဘာလုပ်ရမှန်း သိတော့မှာ မဟုတ်ဘူးတဲ့။ မောင်လေးကလဲ မိဘတွေနဲ့ တစ်သဘောထဲပါပဲ။ သူက
"အစ်မရယ်… ယောက္ခမတွေကိုသာ ဂရုစိုက်ပါ။ ကျွန်တော်က ရွာမှာ ဖေဖေနဲ့ မေမေကို ဂရုစိုက် ပါမယ်" တဲ့
ကျမခင်ပွန်းက သူ့စက်ရုံမှာ ညွှန်ကြားရေးမှုး ဖြစ်လာတဲ့အခါ မောင်လေးကို ပြုပြင် ထိန်းသိန်းရေး ဌာနမှာ မန်နေဂျာ အဖြစ် ကမ်းလှမ်းပါတယ်။ ဒါပေမယ့် မောင်လေးက ကမ်းလှမ်းတာကို ငြင်းခဲ့တယ်။ အဲဒီအစား ပြုပြင်ရေး သမား အဖြစ် အလုပ်လုပ်ဖို့ပဲ ဇွတ်ပေ ပြောနေခဲ့တယ်။ တစ်နေ့မှာတော့ မောင်လေးဟာ ကေဘယ်ကြိုး တစ်ခုကို ပြုပြင်ရင်း ဓါတ်လိုက်ခါ အမြင့်က ပြုတ်ကျ၍ ဆေးရုံကို ပို့ရတယ်။ ကျွန်မနှင့် ကျွန်မ ခင်ပွန်းတို့ ဆေးရုံ လိုက်သွားပြီး သူ့ကိုတွေ့ပါတယ်။ သူ့ခြေထောက်မှာ ကျောက်ပတ်တီး စည်းထားတာကို ကြည့်ရင်း 
"မန်နေဂျာ ခန့်တာကို ဘာလို့ ငြင်းလိုက်ရတာလဲ။ မန်နေဂျာဆိုတာ ဒီလိုမျိုး အန္တရယ်ရှိတဲ့ အလုပ်မျိုးတွေ မလုပ်ရဘူးလေ။ အခုကြည့်ပါလား မောင်လေး ပြင်းထန်တဲ့ ဒဏ်ရာတွေ ခံစားနေရတာလေ။ အစ်မတို့ပြောတာကို ဘာဖြစ်လို့ နားမထောင် ရတာလဲ" 
လို့ ညည်းငြူပြော ဆိုလိုက်ပါတယ်။ 
"ယောက်ဖ အတွက်လည်း စဉ်းစားပါအုံး။ သူကအခုမှ ဦးဆောင် ညွှန်ကြားရေးမှုး ဖြစ်ကာစလေ။ ကျွန်တော်က ပညာမတတ်ပဲ မန်နေဂျာ ဖြစ်လာခဲ့မယ် ဆိုရင် ဘယ်လို ကောလဟာလ စကားတွေ ပြန့်နေမလဲ။ အစ်မ စဉ်းစားကြည့်လေ " တဲ့ 
" ဒီလိုဆိုရင် မောင်လေးက အစ်မကြောင့် ပညာမတတ်တာလေ " လို့ပြောလိုက်တော့
" ဘာလို့ အတိတ် အကြောင်းတွေ ပြောနေရတာလဲ။ " လို့ပြောပြီး ကျွန်မ လက်ကိုဆုပ်ကိုင် ထားပါတယ်။
ကျွန်မခင်ပွန်းရဲ့ မျက်လုံးတွေ မှာလည်း မျက်ရည်တွေနဲ့ ပြည့်လို့ပေါ့
မောင်လေး ရွာက လယ်သူမလေးကို လက်ထပ်တော့ သူ့အသက် သုံးဆယ် ရှိပါပြီ။ မင်္ဂလာ ဧည့်ခံပွဲမှာ အခန်းအနားမှုးက
" မင်း အလေးစားဆုံးနဲ့ အချစ်ဆုံး တစ်ယာက်ဟာ ဘယ်သူလဲ"
လို့ မေးလိုက်သောအခါ စဉ်းစား ချိန်တောင် ယူမနေပဲ
" ကျွန်တော့် အစ်မ ပေါ့ဗျာ" 
လို့ သူက ဖြေလိုက်တယ်။
ကျွန်မ မှတ်တောင် မမှတ်မိနိုင်တော့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ပြောပြပါတယ်။
" မူလတန်း ကျောင်းမှာ ကျောင်းတက်တုန်းက ကျောင်းက တစ်ခြား ရွာတစ်ရွာမှာလေ။ နေ့တိုင်း ကျွန်တော်နှင့် ကျွန်တော့် အစ်မတို့ဟာ ကျောင်းကို နှစ်နာရီ ကြာအောင် သွားရပြီး အိမ်ပြန်ရတယ်။ တစ်နေ့မှာ ကျွန်တော့် လက်အိပ် တစ်စုံ ပျောက်သွားတယ်။ အစ်မက သူ့ရဲ့ လက်အိပ်ကို ပေးပြီ ဒီအတိုင်း အဝေးကြီး လမ်းလျှောက်ရတယ်။ ကျွန်တော်တို့ အိမ်ရောက်တော့ အစ်မဟာ အေးလွန်းတဲ့ ရာသီဥတုကြောင့် ထမင်းစားတာစဉ် တူကိုတောင် မကိုင်နိုင် တော့လောက်အောင်တုန် နေပါတော့တယ်။ အဲဒီနေ့ကစပြီး ကျွန်တော် အသက်ရှင်သမျှ ကာလပတ်လုံး အစ်မကို စောင့်ရှောက်ပြီး အမြဲတမ်း သူ့အပေါ် ကောင်းပါ့မယ်လို့ ကျွန်တော်က အဓိဋ္ဌာန် ပြုခဲ့ပါတယ်"တဲ့
တစ်ခန်းလုံး လက်ခုပ်သြဘာသံတွေနှင့် ပြည့်လျှံ သွားခဲ့တာပေါ့။ ဧည့်သည်တွေ အားလုံးက ကျွန်မဘက်ကို အာရုံ စိုက်လာပါတယ်။ ကျွန်မ စကားပြောဖို့ ခက်နေတာကို တွေ့ရပါတယ်။ 
"ကျွန်မ တစ်သက်လုံးမှာ ကျေးဇူး အတင်ရဆုံး တစ်ယောက်ကတော့ ကျွန်မရဲ့မောင်ပဲ ဖြစ်ပါတယ်ရှင် " လို့ ပြောပြီး ဒီပျော်ရွှင်ဖွယ် အခါသမယမှာ လူအုပ်ရဲ့ရှေမှာတင်ပဲ မျက်ရည်တွေဟာ ကျွန်မ ပါးပြင်ပေါ်ကို စီးဆင်း လိမ့်ကျ နေပါတော့တယ်။

ထိုအဖြစ်အပျက်လေးကိုကြည့်ပြီး
- သင့်ဘဝမှာ သင် မေတ္တာသက်တဲ့ တစ်ယောက်သောသူကို ချစ်မြတ်နိုးပြီး ဂရုစိုက်ပါ။
- သင်လုပ်ဆောင်ပေးလိုက်တာလေးက တကယ့် သေးသေးလေးလို့  သင် ထင်ချင်ထင်နိုင်ပေမယ့် အဲဒီလူ တစ်ယောက်သောသူ အတွက်ကတော့ တန်ဖိုးမဖြတ် နိုင်လောက်အောင် အများကြီးလိုလည်း အဓိပ္ပါယ် သက်ရောက်နိုင်တာပါပဲဗျာ။ 

(စိတ်ကူးပျော်ရာ)
online

Credit - ဓမ္မရေချမ်းစင် | Facebook

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...