======

ကျွန်တော်နှင့် ဦးလေးပြုံး (သရဲ၊နာနာဘာဝများနှင့် ကခုန်ခြင်း)

လောလောလတ်လတ် ကြုံတွေ့ခဲ့ရတဲ့ သရဲဇာတ်လမ်းလေး တစ်ပုဒ်ပြောပြချင်ပါတယ်..။ အဲ့ဒီညက ရီးရဲလ်နဲ့ မန်ယူတို့ ချံပီယံလိဂ် ရှုံးထွက် ပထမအကျော့ ကစားမယ့်ည… ကိုယ်ကလည်း မန်ယူပရိတ်သတ်ဆိုတော့… အဲ့ဒီနေ့မှာ နေ့လည် ကတည်းက မနေနိုင် မထိုင်နိုင် ရွှပိုးထိုးပြီး ဘောလုံးပွဲကို စောင့်နေမိတော့တာပဲ…။

ညရောက်လာတော့ မအိပ်ချင်တာနဲ့ပဲ ကော်ဖီလေးသောက် PES 2013 လေးဆော့ရင်း ည ၂း၁၅ မှာ လာမယ့် ဘောလုံးပွဲလေးကို စောင့်မျှော် နေတာပေါ့ဗျာ…။ အဲ့ဒီမှာ ၁း၀၀ လောက်လဲရောက်ရော… ကျေးဇူးရှင်မီးက ပျက်ပါရောလား…။ ဒီလောက်ကြည့်ဖို့ အားခဲ လာပြီးမှ ဒီအချိန်ကျမှ မီးကပျက်သွားရတယ်လို့…။ အပြင်သွားကြည့်ဖို့ စိတ်ကူးလိုက်တယ်…။ ဒီအချိန်ဆို အလင်းပေါက် ဆိုင် တစ်ဆိုင်ဆိုင်တော့ မီးစက်နိုးပြီး ဘောလုံးပွဲပြကောင်းပါရဲ့…။


ဒီတော့ အနွေးထည်ဝတ်..၊ ဆိုင်ကယ်ထုတ်…စက်နိုးပြီး တက်ခွကာမှ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆုံးသွားတဲ့ ဦးလေးပြုံးကြီးကို မျက်စိထဲ ဗြုံးဆို ပြေးမြင်မိပါရောဗျို့…။ ဦးလေးပြုံးက ကျွန်တော်နဲ့ တော်တော်ကိုခင်တာ..။ ဒီနေ့ သူ့ရဲ့ ရက်လည်လေ…မနက်ကတောင် သူ့အိမ်မှာ ၀က်သားဟင်းနဲ့ ထမင်းသွားဆွဲ လာခဲ့သေးတယ်…။ ဦးလေးပြုံးက ဘောလုံးပွဲလည်း ၀ါသနာပါတယ်…။ သူလည်း မန်ယူပရိတ်သတ်ပဲ…။ အရင်အပတ်တွေအထိ ညဆို ကျွန်တော့်အိမ်မှာ ဘောလုံးပွဲ လာကြည့်နေကျလေ..။ မန်ယူပွဲဆို ဘယ်သူမှမရှိလည်း သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်း ဘယ်လောက် ညနက်နက် စောင့်ကြည့်ကြတာ… အိမ်မှာက Skynet ပဲတပ်ထားတော့ Premier League ပွဲတွေဆို ဘယ်လောက် ညနက်နက် ဦးလေးပြုံးရယ် ကျွန်တော်ရယ် အပြင်ထွက်ကြည့်နေကျ… ဦးလေးပြုံးက လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုင်ကယ်နဲ့ ကားနဲ့ ဂျိမ်းပြီး ပွဲချင်းပြီး ဆုံးသွားတာလေ…။

အဲ့ဒါမှ ဒုတ်ခပဲ…။ ဘောလုံးပွဲ သွားကြည့်ဖို့ဆို ကျွန်တော်က သူ့အိမ်ရှေ့က ဖြတ်သွားရမှာ..။ ဒီနေ့ကလည်း သူ့ရက်လည် ၇ ရက်ပြည့်တဲ့နေ့..၊ ရက်လည်တဲ့ နေ့ဆို သေဆုံးသူတွေက ခင်မင်ရင်းနှီးသူတွေကို နောက်ဆုံးအနေနဲ့ လိုက်လံ နှုတ်ဆက်တတ်တယ်လို့ ကြားဖူးတယ်…၊ ပြီးတော့ သူက မန်ယူပရိတ်သတ် ဘောပွဲ ၀ါသနာအိုး..ဒီနေ့ကန်မှာက ရီးရဲလ်နဲ့ မန်ယူ ရှုံးထွက်….။ တွေးရင်း တွေးရင်းနဲ့ ကျွန်တော် ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်…။ နောက်ဆုံး အိမ်ထဲ ပြန်ဝင်ပြီး ပြန်ဝင်အိပ်ဖို့ စဉ်းစားမိလိုက်တယ်…။ ဒါလည်း မဟုတ်သေးဘူး..။ ဘာမှမသေချာသေးတဲ့ကိစ္စအတွက်.. ငါအရမ်းကြည့်ချင်တဲ့ ဒီပွဲကို မကြည့်ရတော့ဘူးလား…..။ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချပြီး အိမ်ကနေ ဆိုင်ကယ်ကို မောင်းထွက်ခဲ့လိုက်တယ်…။

လမ်းထဲမှာ ဆိုင်ကယ်မောင်းနေရင်း ဦးလေးပြုံးအိမ်ကို လှည့်မကြည့်ဖို့ ကိုယ့်စိတ်ကိုယ်ကို သတိပေးထားလိုက်တယ်..။ အရင်ဆို သူ့ကို ၀င်ခေါ်နေကျမှတ်လား…။ ရင်တွေလည်း တစ်ဒိတ်ဒိတ် ခုန်နေတာ ရင်ဘတ်ထဲ ဆိုင်းဝိုင်းဝင်နေလား မှတ်ရတယ်…။ ဆိုင်ကယ်ကိုတော့ အရမ်းမမောင်းရဲဘူးဗျ..။ တော်ကြာ ဆိုင်ကယ်မှောက်ပြီး မထနိုင်မှ ဦးလေးပြုံးကြီး လာထူနေလို့ ပိုဆိုးနေအုံးမယ်… ဒါကြောင့် ဆိုင်ကယ်ကိုပုံမှန်လေးပဲမောင်း…. စိတ်ထဲမှာ ဦးလေးပြုံးဆီ စိတ်မရောက်အောင် မန်ယူတော့ ဒီည ဘယ်သူတွေ ကို Lineup ထုတ်လောက်မလဲလို့ စဉ်းစားနေလိုက်တယ်…။

ဆိုင်ကယ်ကို မောင်းရင်းကနေ ဦးလေးပြုံး အိမ်ရှေ့လည်း ရောက်ရော…..
အပုပ်နံ့ကို ကျွန်တော် ရလိုက်တယ်…။ ကြက်သီးတွေလည်း တစ်ဖြန်းဖြန်း ထသွားတယ်…။ ပြီးတော့ ဆိုင်ကယ်နောက်ကနေ တစ်ရှပ်ရှပ်နဲ့ ပြေးလိုက်နေတဲ့ ခြေသံ…။ ကျွန်တော် ကြောက်ကြောက်နဲ့ ဆိုင်ကယ်ကို အရှိန်တင်လိုက်တယ်…။ ခြေသံက တစ်ရှပ်ရှပ်နဲ့ ကြားနေရတုန်းပါပဲ..ခဏကြာတော့ ကျွန်တော့်ဆိုင်ကယ် နောက်ပိုင်း အိကျသွားတယ်..။ သွားပြီ…။ ကျွန်တော် သိလိုက်ပြီ…။ ဦးလေးပြုံးကြီး ကျွန်တော့်ဆိုင်ကယ်နောက်ထိုင်ခုံပေါ်မှာ တက်ထိုင်နေပြီလေ…။

ကျွန်တော် ခေါင်းတွေ ဇကောလောက်ကြီးသွားမယ်ထင်တယ်..။ လူတစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေပြီ..။ ဆိုင်ကယ်ကိုလည်း မရပ်ရဲ..။ နောက်လည်း လှည့်မကြည့်ရဲဘူး..။ ကိုယ်စီးနေကျ ဆိုင်ကယ် ကိုယ်သိတာပေါ့..။ အခုစီးနေရတာ လူနှစ်ယောက် weight ကြီးဆိုတာကို…။

ပါးစပ်ကနေ ရသမျှ ဘုရားစာတွေ.. ရွှတ်ဆိုနေမိတယ်…။ စိတ်ထဲကလည်း ဦးလေးပြုံးရေ… ကျွန်တော့်ကို မစပါနဲ့တော့..၊ ကျွန်တော် ကြောက်လို့ပါ… ဆိုပြီး ထပ်တလဲလဲ ပြောနေတော့တယ်…။ ဒီလိုနဲ့ ခဏကြာတော့ ဘောလုံးပွဲပြနေတဲ့ အလင်းပေါက် ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တွေ့လိုက်ရတယ်..။ မီးရောင်ကလေးနဲ့ လူစ နည်းနည်းပါးပါးလေးကို မြင်လိုက်ရတော့ ကျွန်တော် အားရှိသွားတယ်…။ ဒါကြောင့် အရှိန်မြင့်မောင်းပြီး ဆိုင်ရှေ့မှာ ဆိုင်ကယ် အလောတကြီး ထိုးရပ်လိုက်တယ်…။ ပြီးတော့ ခပ်မြန်မြန် ဆိုင်ထဲ ၀င်သွားပြီး ထိုင်လိုက်တယ်… ဘောလုံးပွဲက မစသေးပါဘူး… ခုမှ Lineup ထိုးတုန်းပါ..။
"အစ်ကို ဘာသောက်မလဲ.." ဒီလိုချမ်းအေးနေတဲ့ညမှာ ချွေးတရွှဲရွှဲနဲ့ တုန်ရင်နေပုံရတဲ့ ကျွန်တော့်ကို ကြည့်ပြီး စားပွဲ ထိုးလေး အံ့သြနေပုံရတယ်…။

"နွားနို့ တစ်ခွက်..၊ ထပ်တရာ တစ်ပွဲပေး…"

"ဟိုဦးလေးအတွက်ကော… မှာထားမလား..အစ်ကို…"

"အမ်…ဘယ်ဦးလေးတုန်းကွ…"

"အစ်ကို့ ဆိုင်ကယ်နောက်က ဦးလေးကိုပြောတာလေ.. အစ်ကိုဆိုင်ကယ်ရပ်နေတုန်း..၊ ဟိုဘက်ထဲ ၀င်သွားတာ တွေ့လိုက်တယ်....၊ အပေါ့သွားတာ ထင်တယ်…"

"ဘာ…"
ကျွန်တော် စားပွဲထိုးကို ဘာပြန်ပြောမိလဲ မမှတ်မိတော့ပါ…။ သေချာပါတယ်…၊ ဦးလေးပြုံး ကျွန်တော့်ဆိုင်ကယ်နောက်က နေလိုက်လာပါတယ်…။ သူ့ဒီလိုလိုက်လာတာဟာ ကျွန်တော့်ကို နှုတ်ဆက်ချင်လို့လား…ဒါမှမဟုတ် မန်ယူပွဲကို ကြည့်ချင် လို့လား ဆိုတာကိုတော့…. ဦးလေးပြုံးမှတစ်ပါး တစ်ခြားလူ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး…..

ဦးလေးပြုံး ကောင်းရာမွန်ရာ ရောက်ပါစေဗျာ…။

ဘောလုံးပွဲက (၄း၀၀) လောက်မှာပြီးပါတယ်..။ အဲ့ဒီအချိန် မပြန်ရဲသေးတာနဲ့ မနက် (၆း၀၀) နာရီအထိ လင်းအောင် စောင့်ပြီးမှ အလင်းပေါက်ဆိုင်ကနေ ပြန်ခဲ့ရပါတယ်ဗျာ….။


အောင်ထွန်းဦး

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...