======

ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးပါ...


ကျွန်တော့်ပထွေးဟာ ကျွန်တော့်ကို ဘာလို့ကြည့်မရအောင်မုန်းတီးနေမှန်းကျွန်တော်မသိပါ။ 

အမေနဲ့ သူ အိမ်ထောင်ကျလို့ ကျွန်တော်တို့သားအမိ သူ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့တဲ့အချိန်ကတည်းက ကျွန်တော့်ဘ၀ ငရဲခန်းတွေကို ကျွန်တော်စတင်ခဲ့ရပါတယ်။ 

သူဟာ အပြစ်မရှိအပြစ်ရှာကာ ကျွန်တော့်ကို ဆူပူ ဆဲဆိုနေတတ်ပြီး သူ့မျက်လုံးထဲမှာ ကျွန်တော်ဟာ အပြောမလွတ်တဲ့ ကောင်တစ်ကောင် ဖြစ်ခဲ့ပါတော့တယ်။ 

အိမ်တွင်းရေး မသာယာမှု စိတ်အနှောင့်အယှက်တွေကြောင့် ကျွန်တော် စာမေးပွဲကိုလည်း အောင်မြင်အောင်မဖြေနိုင်ခဲ့တဲ့အခါ ကျွန်တော့် ပထွေးက နောက်တစ်နှစ် ကျွန်တော့်ကို ကျောင်းဆက်ထားဖို့ ငြင်းဆန်ခဲ့ပါတော့တယ်။ 

သူ့ရဲ့ လက်ရှိအလုပ်ဖြစ်တဲ့ လက်ဝှေ့လောကထဲကို ၀င်ဖို့ လေ့ကျင့်ရမယ်ဆိုပြီးလည်း အမိန့်တွေချမှတ်ခဲ့ပါတယ် ။ 

သူဟာ အချိန်ပြည့် ကျွန်တော့်ကို လက်ဝှေ့အိတ် အထိုးလေ့ကျင့်ခိုင်းပါတယ်။ 

အဲ့ဒီနောက်မှာတော့ ပို၍လေ့ကျင့်ဖို့လိုတယ်ဆိုပြီး သူနဲ့ အပြိုင်ထိုးကျိတ်ခိုင်း ပါတော့တယ်။ 

သူက သန်မာပြီး အတွေ့အကြုံရှိတဲ့လူတစ်ယောက်ဖြစ်တာမို့ ကျွန်တော့်လို လူဖလံ ကလေးငယ်တစ်ယောက်က သူ့ကိုနိုင်အောင် ဘယ်လိုမှယှဉ်မထိုးနိုင်ခဲ့ပါဘူး။ 

သူတစ်ချက် ထိုးကန်လိုက်တဲ့အခါတိုင်း ကျွန်တော့်ရဲ့ကိုယ်ခန္ဓာကိုယ်က နာကျင်ရသလို ကျွန်တော့်စိတ်ထဲမှာလည်း ထပ်တူနာကြည်းမိပါတယ်။ 

သူဘာကြောင့်များ အရွယ်မရောက်သေးတဲ့ကလေးအပေါ် နှိပ်စက်ညှင်းပန်းချင်သလဲ ကျွန်တော်မတွေးတတ်ပါ။

နောက်ပိုင်း သိပ်မကြာတဲ့အတောအတွင်းမှာပဲ သူရဲ့ ထိုးနှက်တဲ့ဒဏ်တွေကြောင့် ကျွန်တော်တစ်ယောက် အတွင်းဒဏ်ရာအပြင် စိတ်ဒဏ်ရာတွေပါ ရလာခဲ့ပါတယ်။ 

ကျွန်တော့်အမေက ကြားထဲကနေ ဒီလိုဆက်မလုပ်ဖို့ ၀င်ရောက်ဖြန်ဖြေပေမယ့် ကျွန်တော့်ပထွေးကတော့ လက်မခံခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ကျွန်တော့်အမေဟာလည်းပဲ ကျွန်တော့်ပထွေးကို မလွန်ဆန်နိုင်ခဲ့တာမို သူ့ယောကျာ်းဆန္ဒအတိုင်းသာ လိုက်နာခဲ့ရပါတယ်။ 

အဲ့ဒီအချိန်မှာ ကျွန်တော့်ရင်ထဲပို၍နာကျင်ခံစားခဲ့ရပါတယ်။ 

ကျွန်တော် ဒီဘ၀က လွတ်မြောက်နိုင်ဖို့ အချိန်တိုင်းနေ့တိုင်း ဆုတောင်းနေမိခဲ့ပါတော့တယ်။ 

တစ်နေ့မှာတော့ ကျွန်တော်လွတ်မြောက်ဖို့အတွက် အိမ်ကနေထွက်ပြေးခဲ့ပါတယ်။ 

အိမ်နဲ့တဖြည်းဖြည်း ဝေးသထက်ဝေးအောင် ထွက်ပြေးခဲ့ပေမယ့် သူဟာကျွန်တော့်ကို ရဲတွေရဲ့အကူအညီနဲ့ ပြန်လည်ရှာဖွေခဲ့ပါတယ်။ 

ကျွန်တော် အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ “မင်းငါ့လက်က လွတ်အောင်ပြေးနိုင်လို့လား” ဆိုပြီး ကျွန်တော့်ကိုလှောင်ပြောင် ဟားတိုက်လို့ နေပါသေးတယ်။ 

အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ သူ့အတွက် ဂိမ်းကစားစရာ အရုပ်လေးတစ်ရုပ်လိုဖြစ်လာပါတော့ တယ်။ 

သူပျင်းတဲ့အချိန်တွေ မှာ ကျွန်တော်ဟာ သူနဲ့ အတူ လက်ဝှေ့ထိုးပေးရပါတယ်။ 

တစ်ညမှာတော့ သူနဲ့အတူ လက်ဝှေ့ထိုးရင်း ကျွန်တော် ရစရာမရှိအောင် စုတ်ပြတ်သတ်လို့ မထနိုင်အောင် လဲသွားခဲ့ပါတော့တယ်။

ဒီလိုအခြေနေဖြစ်နေတဲ့ကျွန်တော့်ကို သူကအားမရနိုင်သေးပဲ အတင်းမပြီး အားရပါးရ ထပ်မံ ထိုးကျိတ်နေခဲ့ပါတယ်။ 

ကျွန်တော့်မျက်လုံးတွေ မပွင့်တော့ပါ။

ကျွန်တော်အတတ်နိုင်ဆုံး သူ့လက်သီးတွေကို ရှောင်ခဲ့ပေမယ့် ဘယ်လိုမှ မလွတ်ခဲ့ပါဘူး။ 

သူဟာ ကျွန်တော့်ကို ထိုးကြိတ်အနိုင်ယူလိုက်ပြီးတဲ့နောက်မှာ အသံနက်ကြီးနဲ့ရယ်မော လို့နေခဲ့ပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ စုတ်ပြတ်လို့ အသက်ကို ပင်မနည်း ၀အောင်ရှုနေရပါပြီ.။ 

ထိုအခြေအနေကို ကျွန်တော့်အမေမြင်သွားခဲ့ပြီး ကျွန်တော့်ကို ဆေးရုံပို့ဖို့ သူ့ဆီမှာ အသည်းအသန်တောင်းဆိုခဲ့ပါတယ်။ သူဟာကျွန်တော့်ကိုဆေးရုံပို့ဖို့ကို လုံးဝလက်မခံခဲ့ပါဘူး။ 

အဲ့ဒီညမှာ ကျွန်တော်ဟာ ကျွန်တော့်အိပ်ယာပေါ်မှာ လှဲလျောင်းလို့ ညည်းတွားနေကာ အသက်ကိုမ၀တ၀ အသည်းသန်ရှုနေခဲ့ရပါတယ်။

နောက်နေ့မနက် ကျွန်တော့်အမေ ကျွန်တော့ကိုလာကြည့်တဲ့အချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်ဟာ အသက်ပျောက်လို့နေခဲ့ပါပြီ။ 

ကျွန်တော် ထိုအိမ်ကြီး နဲ့ ဝေးရာကို ထွက်လာနိုင်ခဲ့ပါပြီ။ 

အချိန်တွေဘယ်လောက်ကြာသွားသလဲတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ 

ရုတ်တရက် ကျွန်တော့်ရှေ့မှာ အလင်းတန်းကြီးတစ်ခုကိုတွေ့လိုက်ရပြီး “အိုး ယောကျာ်းလေးပဲ” ဆိုတဲ့ စကားသံတစ်ချို့ကိုကျွန်တော်ကြားလိုက်ရပါတယ်။ 

ပြီးတဲ့နောက် ကျွန်တော် ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး ကျွန်တော့်မျက်လုံးတွေကို တဖြည်းဖြည်းချင်း ဖွင့်လို့ကြည့်ခဲ့လိုက်တဲ့အခါ ကျွန်တော့်ကို ကြည့်နေတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို စတင်တွေ့လိုက်ရပါတယ်။ 

သူတို့ဟာ ကျွန်တော့်ကို နူးညံ့တဲ့ အကြည့်တွေနဲ့ ပြုံးကြည့်နေကြပြီး ငြင်သာစွာစကားလေးတစ်ခွန်းပြောလိုက်ပါတယ်။။ 

“မင်းလွတ်မြောက်ခဲ့ပြီဆိုတာ မင်းသိလား ကလေးလေးတဲ့”
Phothutaw 

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...