======

ဒေါက်…ဒေါက်…ဒေါက် ” ဇာတ်လမ်း (ကြောက်တတ်သူများ နှိပ်မကြည့်ပဲ ကျော်သွားပါ)

ကျွန်တော့် နာမည်က ‘ လွင်ငြိမ်း ’ ပါခင်ဗျာ ။
အသက် ( ၂၃ ) နှစ်ရှိပြီး
မန္တလေးမြို့ (…) ဆေးရုံကြီးမှာ အငယ်တန်း စာရေး
အလုပ်ကို လက်ရှိလုပ်ကိုင်နေဆဲပါ ။
ဆေးရုံဆိုတော့ မိတ်ဆွေတို့
သိကြတဲ့အတိုင်းပဲ အဆောင်တိုင်း လိုလိုကို
သရဲတစ္ဆေရှိတယ်ဗျ ၊ ကျွန်တော်တို့
ဆေးရုံက ၀န်ထမ်း အများစုလည်း
မကြာခဏ အခြောက်အလှန့် ခံရလေ့ရှိတယ် ။
ကျွန်တော်ကတော့ ဒီဆေးရုံမှာ လုပ်နေတာ
တစ်နှစ်ကျော်ခဲ့ပြီ သူများပြောလို့သာ ယုံရတာ
ကိုယ်တိုင်တော့ တစ်ကြိမ် တစ်ခါမှကို
အခြောက်အလန့်မခံရဖူးသေးဘူးလေ
ကိုယ်တိုင်ပဲ ကံမြင့်နေလို့လား ၊ မတိုက်ဆိုင်သေးလို့
ပဲလား ဆိုတာတော့ သေချာမသိ ။
ကိုယ်တိုင် မကြုံတာလည်း မပြောနဲ့လေ
ကျွန်တော်က ရုံးပိုင်းဆိုတော့ လူနာဆောင်တွေဘက်ကို
သိပ် မရောက်ဖြစ် မသွားဖြစ်ဖူးလေ ၊ နောက်ပြီး
ရုံးချိန်ကလည်း နံနက် ကိုးနာရီကနေ ညနေ
လေးနာရီခွဲအထိပဲ ဆိုတော့ မမှောင်ခင်ဖြစ်နေတယ် ၊
အဲ့ …. တစ်ခါတစ်ခါ တော့ ည ရှစ်နာရီလောက်အထိ
နေရတယ် ဒါပေမယ့် ဘာမကောင်းဆိုးရွားမှ ၊
ဘာခြောက်လှန့်မှု မှ မမြင်ခဲ့ရဘူး ။
ကျွန်တော်တို့ ရုံးခန်းကလည်း
နေရာကောင်းပဲ ၊ အရင်က ကျွန်တော်တို့ ရုံးခန်း
နေရာမှာ ‘ ကလေးအရေးပေါ်ပြင်ပလူနာဌာန ’ နဲ့
ရုံးခန်းအပေါ်ထပ်က ‘ ကလေးခွဲစိတ်ခန်း ’ လေ ။
ခွဲစိတ်တာ မအောင်မြင်လို့ ဆုံးသွားတဲ့
ကလေးငယ်တွေလည်း မနည်းဘူးပေါ့ဗျာ ။
ကျွန်တော့်ရုံးက စီနီယာ တွေနဲ့ သူငယ်ချင်းတွေကတော့
ပြောကြတယ် ….
“ သူတို့ ရုံးကို စောစောရောက်တဲ့အခါတွေ
တို့ နောက်ကျမှ ရုံးဆင်းကြရတဲ့ အခါတွေ
ပြောရရင် လူသိပ်မကျန်ပဲ လူနည်းနည်းပဲ
ကျန်ခဲ့တဲ့ အချိန်တွေမှာပေါ့ …
ရုံးခန်းဝန်းကျင်တစ်ဝိုက် မှာ
‘ ကလေးသုံး ၀ိုင်အိုလက် ပေါင်ဒါ အနံ့ ’ ပေးတာတို့
ရုံးခန်း အိမ်သာမှာ လူမရှိပဲ ‘ ရေလောင်းသံ ’ ကြားတာတို့
မကြာခဏ ကြုံရတယ်ဆိုပဲ ။ ”
တစ်ခါတုန်းကလည်း ကျွန်တော်တို့
အထက်လူကြီးက ညနေ ခြောက်နာရီခွဲလောက်
ဆေးရုံအုပ်ကြီးနဲ့ စာရင်းတွေ လုပ်စရာရှိတယ်ဆိုလို့
အခုသရဲခြောက်ပါတယ်လို့ နာမည်ကြီးနေတဲ့
ကျွန်တော်တို့ ရုံးခန်း အပြင်ဘက်
(ယခင် ကလေးခွဲစိတ်ခန်း) ရှေ့မှာ
စောင့်နေတုန်း ရုံးခန်းထဲက ‘ စာရွက်တွေ
စုတ်ဖြဲသံတွေ ’ ကြားနေရတယ်တဲ့ ။
သူအသံတွေကြားရတဲ့ ရုံးခန်းကနေရာက
ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာရှိတဲ့
‘ အစည်းအဝေးခန်းမ ’ နဲ့ ၀န်ကြီးတွေလာရင်
အသုံးပြုတဲ့ ‘ ဧည့်ခန်း ’ ကို
ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ တစ်ခုကပါ
ပြောရရင် အဲ့ဒီနေရာတစ်ခုလုံးက ကျွန်တော်တို့ ရုံးခန်းနဲ့
မျက်နာချင်းဆိုင်မြင်နေရတဲ့ သဘောပေါ့ဗျာ ။
ဇာတ်လမ်းပြန်ဆက်မယ် …
အဲ့ဒါနဲ့ စာရွက်ဖြဲသံတွေ ကြားနေရတော့
ကျွန်တော်တို့ လူကြီးလည်း .. သူ့စိတ်ထဲ
မတင်မကျဖြစ်တာနဲ့ ရုံးခန်းတံခါးပိတ်လေ့ရှိတဲ့
ကျွန်တော်တို့ အထက်က
စီနီယာ အစ်ကိုကို ခေါ်ပြီးပြောတော့
အဲ့ဒီ အစ်ကိုက……
“ ဒီအခန်းက ၀န်ထမ်းတွေ ပြန်သွားတာ
ကြာပြီ ဆရာရဲ့ အခုအခန်းထဲမှာ ဘယ်သူမှမရှိဘူး
ဆေးရုံမှာ ကြွက်လည်းမရှိပါဘူး ဆရာ ”
ဆိုပြီး ပြန်ပြောနေတုန်း အခန်းထဲကနေ
စာရွက်ဖြဲသံတွေ ထပ်ခါ ထပ်ခါကို ကြားနေရတော့တာပဲ
အဲ့တာနဲ့ အထပ်လူကြီးနဲ့ စီနီယာ အစ်ကို
တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး
တစ်စုံတစ်ခုကို နားလည်လိုက်သလို ဖြစ်သွားကြတယ် ။
ဒါပေမယ့် နောက်ဆုံးမှာ ကြောက်စိတ်ကို
သိချင်စိတ်က နိုင်သွားပြီးတော့
နှစ်ယောက်သား တုန်တုန်ယင်ယင်နဲ့
ဖွင့်ရခက်တဲ့ အခန်း တံခါးကို အတင်းဆွဲဖွင့်ရင်း
အခန်းထဲကမီးတွေဖွင့်ပြီး အခန်းထဲ ၀င်ကြည့်တော့
အခန်းထဲမှာ လူတစ်ယောက်မှမရှိ ကြွက်လည်းမရှိသလို
စာရွက်တွေကလည်း တစ်ရွက်မှ ပြဲမနေတာကို
သူတို့ နှစ်ယောက် ကိုယ်တိုင် တွေ့လိုက်ကြရတယ်
အဲ့တာနဲ့ နှစ်ယောက်သားခက်သုတ်သုတ်ကလေး
အခန်းတစ်ခါးကို ပြန် ပိတ် တံခါးကိုလည်း
သော့ခတ်လိုက်ပြီးတော့ လာလမ်းအတိုင်းပြန်လာကြတယ်ဆိုပဲ … ။
ကျွန်တော်တို့လည်း နောက်တစ်နေ့မှ
စီနီယာ အစ်ကို ပြောပြတဲ့ အကြောင်းကို
အံ့သြတကြီး ဖြစ်ခဲ့ကြဖူးတယ်လေ ။
မဖြစ်ရိုးလားဗျ စဉ်းစားကြည့်လေ
အဲ့ဒီအခန်းဆိုတာကလည်း ကြမ်းခင်းက
ကော်ဇော အပြည့်ခင်းထားတော့ တံခါးအောက်မှာ
သွားခုနေ ထစ်နေ ပြီး တံခါးဖွင့်ရင်တောင်
နှစ်ယောက်သုံးယောက်
အားနဲ့ မနည်းကို ဆွဲဖွင့်ပြီး ၀င်ရတဲ့ အခန်း ၊
အဲ့ဒီမှာ ရုံးထိုင်တဲ့သူတွေဆို တစ်နေကုန် တံခါးကို မပိတ်ပဲ
ဟရုံလေးဟထားတယ် ပြန်မှ အတင်းတွန်းပိတ် သော့ခတ်
ပြန်ကြတာလေ ။
ဒီဖြစ်ရပ်က တကယ့်ကို အံ့သြစရာဗျ
ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကြားနေကြ
အရာတစ်ခုထက် နည်းနည်းလေး ပိုရုံလောက်ပဲ
သဘောထားဖြစ်ခဲ့တယ် ၊ ဘာလို့လည်းဆိုတော့
အစကတည်းက ဒီနေရာကြီးက ကလေးဆောင်ကြီးကို.. ။
ဒီကိစ္စဖြစ်ပြီး သိပ်မကြာဘူး…
တစ်ခါမှ အခြောက်အလှန့် မခံရဖူးတဲ့ ကျွန်တော့်ကို
ဘ၀မှ မေ့ဖျောက်လို့မရနိုင်တဲ့ အခြေအနေတစ်ခုကို
မျက်ဝါးထင်ထင် နဖူးတွေ့ ဒူးတွေ့ကို ကြုံစေဖို့
အကြောင်းဖန်လာခဲ့ပြီလေ …. ။
ကျွန်တော်က ရုံးမှာ Computer စာရိုက်ရတဲ့သူ
ဆိုတော့ (စနေ) (တနင်္ဂနွေ) ဆို Duty က
အချိန်ပြည့် မရှိဘူးဗျ ၊ On call ပဲဆိုတော့ အဆင်ပြေတယ် ။
ရုံးချိန်ကလည်း မနက်ကိုး ညနေ လေးခွဲ …
ညနေဆို ကျွန်တော်က သရဲခြောက်ခံထိမှာစိုးလို့
အစောကြီး ပြန် ပြေးနေကြ ။
နောက်တစ်နေ့ရုံးပြန်တက်တိုင်း
မနေ့ညက ရုံးမှာ ကျန်ခဲ့တဲ့
ရုံးဆင်းနောက်ကျသူတွေဆီကတော့
ဘယ်လို ဘယ်ပုံ ကလေးသရဲ ခြောက်ခံရတာတွေ
ကြားနေရတုန်းဗျ ။
ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျွန်တော်တို့
အထက်လူကြီးက မနက်ဖြန် …..
‘ နေပြည်တော် အစည်းအဝေး ’ သွားဖို့ရှိတာနဲ့
ဟိုမှာ (နေပြည်တော်မှာ)
‘ လိုငွေပိုငွေ ’ စာရင်းတွေ ရိုက်ရင် သုံးဖို့အတွက်
စာရွက်စာတမ်းတွေ ကို သူနဲ့ အတူ တစ်ခါတည်း
ထည့်ပေးနိုင်ဖို့အတွက် OT အနေနဲ့ ကျွန်တော်ရယ်
စီနီယာ အစ်မနှစ်ယောက်ရယ် အစ်ကိုတစ်ယောက်ရယ်
ပေါင်း လေးယောက်သား ကျန်ရစ်ခဲ့ကြတယ် ၊
ပြန်တဲ့သူတွေက ပြန်သွားကြတာပေါ့ ။
အားလုံးက ကိုယ့်အလုပ်ပြီးအောင်
ကိုယ်အားရုံစိုက်နေကြတယ်လေ ရုံးကြီး
တစ်ရုံးလုံး မှာ ကျွန်တော်တို့လေးယောက်ပဲ
ကျန်ရစ်ခဲ့တာ ဘယ်လောက်ခြောက်ခြားဖို့ကောင်းလိုက်သလဲ
ပြန်တွေးရင်းနဲ့တောင် ကြက်သီးထမိတယ် ….
ဆေးရုံကလည်းဆေးရုံ ခြောက်တယ်လို့လည်း
နာမည်ကြီး ၊ အဲ့ဒီအချိန်ကတော့ အခုလို မတွေးမိကြဘူးပေါ့
ကိုယ့်အလုပ်ကအရေးကြီးနေတော့ ဇောကပ်နေတာနဲ့
ဘာမှကို မစဉ်းစားမိတာ ။
အဲ့ဒီလို ကျွန်တော်တို့ အလုပ်လုပ်နေတုန်းမှာပဲ
ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာရှိတဲ့
‘ အစည်းအဝေးခန်းမ ’ နဲ့ ‘ ဧည့်ခန်း ’ ကို
ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ ရဲ့
တံခါးကို တစ်ယောက်ယောက်က ခေါက်လိုက်သလိုမျိုး
“ ဒေါက်…ဒေါက်…ဒေါက် ”
ဆိုပြီး တံခါးခေါက်သံ သုံးချက် ပီပီသသကြီး
ထွက်ပေါ်လာတယ် ၊ ကျွန်တော်တို့ လေးယောက်စလုံးလည်း
ကြားလိုက်ရတယ် အစက ကျွန်တော်တစ်ယောက်တည်း
ကြားလိုက်ရတယ်ထင်ပြီး အခြားသူတွေအနေအထားကို
လှမ်းကြည့်လိုက်တော့ သူ့တို့မျက်နာတွေကလည်း
ကြောက်လန့်နေတဲ့အနေအထားတွေနဲ့ ကျွန်တော့်ကို
ပြန်ကြည့်လိုက် အချင်းချင်းကြည့်လိုက်နဲ့ ဖြစ်နေကြတယ်
ဟုတ်တယ်လေ တစ်ရုံးလုံးမှာ ကျွန်တော်တို့
လေးယောက်ပဲ ကျန်ရစ်ခဲ့တာ မဟုတ်လား…
တစ်ချိန်တည်းမှာပဲ အစ်မတစ်ယောက်က
“ ဟဲ့… နင်တို့ရော ကြား..ကြားလိုက်ကြလား.. ”
ဆိုပြီး တုန်တုန်ယင်ယင်နဲ့ ကျွန်တော်တို့ အားလုံးကို
လှမ်းမေးတယ် အကုန်လုံးကလည်း
ကြက်သေသေနေရာကနေ
ခေါင်းတွေ တဆက်ဆက် ငြိမ့်ပြနေကြတယ်
အဲ့ဒီအချိန် တစ်ဆက်တည်းမှာပဲ ခုနက
တံခါးခေါက်သံ သုံးချက် ကြားလိုက်ရတဲ့
နေရာကို လေးယောက်သား ပြိုင်တူလှမ်းကြည့်နေတုန်း…
ဖွင့်ရခက်ပါတယ်ဆိုတဲ့ အခန်းတံခါးကြီးက
“ ကျွီ…….. ” ဆိုတဲ့ လေးလေးပင်ပင်
အသံကြီးနဲ့အတူ ပွင့်လာခဲ့တယ် ၊
တံခါးဖွင့်တဲ့သူတစ်ယောက်ဆို
တစ်ယောက်မှမရှိဘူး ၊ နောက်ပြီး ဒီတံခါးက
လေတိုက်လို့ပွင့်လာမယ့်တံခါးမဟုတ်ဘူး ၊
ပုံမှန်တောင် သုံးယောက်ဆွဲဖွင့်ရတဲ့ တံခါး ၊
လေတိုက်ရအောင်လည်း ရုံးခန်းကြီးထဲ ဆေးရုံထဲမှာ ။
ကျွန်တော်လည်း ဘာရယ်မဟုတ်ပဲ
ဖွင့်သူမရှိတဲ့တံခါးကြီးက တံခါးခေါက်သံ သုံးချက်နဲ့အတူ
ပွင့်လာတာ မြင်လိုက်ရတော့ ကြောက်ရွံ့စိတ်ကို
မကွယ်ဝှက်နိုင်တော့ပဲ ကြက်သီးမွှေးညှင်းတွေ
ထလာပြီး တစ်ခဏတာအတွင်းမှာ
တစ်ကိုယ်လုံး အေးစက်သွားသလို
ခံစားလိုက်ရတယ် ၊ ခေါင်းကြီးတစ်ခုလုံးကလည်း
ကြီးသွားသလို ပူပေါင်းတစ်ခုလို
ပေါက်တော့မယ့်အတိုင်း တကယ့်ကို
ခံစားလိုက်ရတယ် ။
အဲံဒီအချိန်မှာ ကျွန်တော်အနားက
အစ်ကိုနဲ့ မလှမ်းမကမ်းက အစ်မ နှစ်ယောက်ကလည်း
အသံတစ်စက်မှ မထွက်ကြပဲ ကျောက်ရုပ်ကြီးတွေ
အတိုင်းဖြစ်နေကြတယ် ဘေးကအစ်ကိုကြတော့
ဘာကြောင့်မှန်မသိ ခဏတွင်းမှာ သူ့တစ်ကိုယ်လုံး
ရေလောင်းချလိုက်သလို ချွေးတွေ ရွှဲလို့ ။
တစ်ဆက်တည်းမှာပဲ ပွင့်လာတဲ့တံခါးကြီးကို
တစ်ယောက်ယောက်က ဆွဲပိတ်လိုက်သလို
အတားအဆီး အထစ်အငေါ့ မရှိပဲ
“ ကျွီ …. ” ဆိုတဲ့ အသံကြီးနဲ့အတူ
“ ဂျိန်း ” ဆိုပြီးအသံမြည်ပြီး ပိတ်သွားခဲ့တယ်
ဘာပြောကောင်းမလည်း ကျွန်တော်တိုကလည်း
လုပ်လက်စ အလုပ်တွေကို save ..
Computer ကိုပိတ် ၊ မီးပိတ် အခန်းတံခါးပိတ် သော့ခတ်ရင်း
နောက်ကျောမလုံမလဲနဲ့ ဆေးရုံဝင်းထဲက
အပြင်ကို ခြေကုန်သုက်ခဲ့ကြတယ်လေ ။
ကံကောင်းတာက လေးယောက်ဖြစ်နေတာ
ကျွန်တော်တစ်ယောက်တည်းသာဆိုရင်
ဘုရား…ဘုရား… ။
ကျွန်တော်တို့ လေးယောက်လည်း
တစ်နာရီလောက်ဆက်လုပ်ရင် ပြီးနိုင်မယ့်
အလုပ်ဖြစ်လို့ မနက်အချိန်ကြမှ ပြန်စလုပ်ရန်နဲ့
ရုံးကို စောစောလာတဲ့အခါ အရင် မ၀င်သေးပဲ
ဆေးရုံရှေ့ ဘယ်Tea Shop မှာ ဘယ်အချိန် ဆုံပြီးမှ
အတူတူ ရုံးထဲဝင်ကြမယ်.. စသဖြင့်
တိုင်ပင်ကြပြီး ကိုယ်စီအိမ်ပြန်ခဲ့ကြတယ် ။
အဲ့ဒီနေ့ညက ကျွန်တော် လုံးဝ
အိပ်မပျော်ခဲ့ဘူး ကြောက်လွန်းလို့
ပူအိုက်နေတဲ့ကြားက စောင်ကို ခြုံထားမိတယ်
ကုတင်ခြေရင်းကိုလည်း မကြာမကြာလှမ်းကြည့်နေမိတယ် ၊
ကုတင်ဘေးတော့ မကြည့်ရဲဘူး ဆေးရုံက
တစ်ခုခု လိုက်လာတာကို မြင်လိုက်ရရင်
ကျွန်တော် သေမှာလေ… ။
မနက်ခင်းရောက်တော့
ကျွန်တော်တို့ တိုင်ပင်ကိုက်ထားကြတဲ့အတိုင်း
လူစုံတက်စုံရောက်လာပြီး ရုံးခန်းထဲသွား
လုပ်လက်စလေးတွေ အထက်လူကြီးမလာခင် အပြီးသက်
လုပ်နိုင်ခဲ့ကြတယ် အားလုံးရဲ့ မျက်လုံးတွေကလည်း
ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာရှိတဲ့
‘ အစည်းအဝေးခန်းမ ’ နဲ့ ‘ ဧည့်ခန်း ’ ကို
ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ ကို
မကြာမကြာ လှမ်းကြည့်နေကြမိတယ် … ။
မကြာခင်မှာပဲ ရုံးခန်းလေးထဲမှာ
ဝန်ထမ်းတွေစုံလာကြတယ်လေ ၊ ထမင်းစားချိန်နားတော့
စားပြီးသောက်ပြီး ညက ကျွန်တော်တို့
လေးယောက်ကြုံခဲ့တာကို တစ်ခြားဝန်ထမ်းတွေကို
ပြန်ဖောက်သည်ချကြတယ်လေ ၊ သူတို့လည်းကြောက်လို့ ။
ကျွန်တော်တို့ ပြောတာကို နားထောင်နေတဲ့
ဝန်ထမ်းတွေထဲက ဒီရုံးမှာ နစ်အတော်ကြာလုပ်ဖူးတဲ့
ကျွန်တော်တို့ အထက်က ဆရာတစ်ယောက်က
ပြောပြတယ် …….
“ မင်းတို့တွေ မနေ့ညက အခြောက်ခံထိတာ
တစ်ခြားသူမဟုတ်ဘူး … ဆုံးသွားတဲ့
‘ ကလေး ခွဲစိတ်ဆရာဝန်ကြီး ’ ပဲကွ ၊ မင်းတို့တွေ
သူ့ကို မမှီလိုက်ကြဘူး ၊ သူဆုံးတာအတော်ကြာပြီ ၊
တစ်ခါတစ်လေ အဲ့လိုပဲ လုပ်ပြတက်တယ်ကွ ၊
ဆရာကြီးက သိပ်အစွဲအလမ်းကြီးတဲ့သူကွ
ခွဲစိတ်တဲ့နေရာမှာလည်း အရမ်းတော်တဲ့ ပုဂ္ဂိုလ် ၊
နှမြောစရာကောင်းတာက သူ့ရဲ့
ဆေးရုံအပေါ် ၊ အလုပ်အပေါ် စွဲလမ်းစိတ်ကြောင့်
ဘယ်လောက် ကုသိုလ်လုပ်ပေးလုပ်ပေး
မကျွတ်ရှာဘူး……..
သူ့မှာအကျင့်တစ်ခုရှိတယ်ကွ
သူက သိပ်စည်းကမ်းကြီးတဲ့သူ
အခန်းတစ်ခုတည်း သူဝင်လာမယ်ဆို
မ၀င်ခင် အရင်ဆုံး တံခါးသုံးချက်ခေါက်တက်တယ်
ပြီးမှ ၀င်လာတာလေ…. ” တဲ့ဗျာ ။
ကျွန်တော်တို့ ၀န်ထမ်းတစ်စုလည်း
ဆရာကြီးပြောပြမှ ပိုပြီးကြောက်လန့်လာသလို ၊
ဆရာဝန်ကြီးကို သနားကရုဏာသက်မိသလိုလို
ခံစားလိုက်ကြရတယ် …. ။
ကဲ့ ခင်ဗျားတို့အခန်းဆီ ဆရာဝန်ကြီးက
အလည်လာမယ်ဆိုရင်ရော …
မှတ်ထားနော် သူကအခန်းထဲမ၀င်ခင်
တံခါး သုံးချက်အရင် ခေါက်တက်တယ်တဲ့ ….
“ ဒေါက် … ဒေါက် …ဒေါက် ”
~ မိုးစွေ ~
စာပြီးချိန် – 30.5.2017 ( 11 : 50 Pm )

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...