======

မျက်ရည် တွေ စို့ခဲ့ရတဲ့ “ချဉ်ဖတ်”လေး᠌᠌᠌᠌


(ဒီစာလေးက အရမ်းကောင်းလို့ ပြန် Share လိုက်ပါတယ်။
စာဖတ်ပျင်းတဲ့သူ တစ်ယောက်ဆိုရင်လည်း
အချိန် ခဏလောက်ပေးပြီး ဖတ်စေချင်တယ်။
စိတ်ထဲ တစ်ခုခုတော့ ကျန်ခဲ့စေမှာပါ။)
“ပြေးထားကွ”
“ပြေးကွ”
“မြန်မြန်ပြေးလေကွာ”
“ပြေးပါဟ”
ကျောင်းသားလေးတွေပြေးနေကြတဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေရဲ့
အားပေးမှုတွေနဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်း ၀င်ခါနီးပြီ။
ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ တစ်ယောက်က
အတန်းထဲမှာ နာမည်ကြီး စာအတော်ဆုံး၊
ဆရာမတွေ အချစ်ဆုံး မောင်ထိန်ဝင်း။
သူ့ဘေးမှာ ကပ်ပြေးနေတာကတော့ ကျောင်းချဉ်ဖတ်၊
ထပ်ရှင်းအောင်ပြောရရင် စာမတော်ဘူး၊
ဆရာမတွေ အမြင်ကပ်ကြတယ်။
ခိုင်းရင် လုပ်ချင်မှ လုပ်တတ်လို့လေ။
ဒါပေမယ့် သူငယ်ချင်းတွေကတော့ အရမ်းချစ်ကြတယ်။
သူ့နာမည်က မောင်ကြည်လင် ။
နာမည်နဲ့ လူနဲ့က သိပ်မကိုက်
အသားက ခပ်ညိုညို … … မျက်နှာလေးထောင့်နဲ့ ၊
ထူးခြားတာက အမြဲပြုံးနေတတ်သူ။
သို့သော် … … ပြဿနာကောင်လေး။
နာမည်ရင်းပင် ပျောက်နေပြီ … … ချဉ်ဖတ်တဲ့ ။
ပရိသတ်ထဲမှာ အသံ အထွက်ဆုံးက –
“ထိန်ဝင်းကွ ….. ပြေးကွ ….. မင်းနိုင်ရမယ်ကွ”
ကျောင်းသားလေး တစ်သိုက်ကတော့ –
“ချဉ်ဖတ် ပြေးထားကွ … ဒီကောင့်ကို အနိုင်ယူပြလိုက် စမ်းကွ”
ထိုစဉ်မှာပင် မောင်ထိန်ဝင်း ခြေခေါက်ပြီး
တလိမ့်ခေါက်ကွေး ပစ်ကျသွားကာ
ဂျွမ်းတွေပင် လေး,ငါးပတ်လောက် ထိုးသွားတယ် ထင်ရတယ်။
ပြိုင်ဘက်~မရှိ တစ်ဦးတည်း~ပန်းဝင်ဖို့
ချဉ်ဖတ် အခွင့်အရေး ရလိုက်ပါတယ်။ ကြိမ်းသေကို ရနေပြီ။
အားပေးနေတဲ့ ကျောင်းသား-ကျောင်းသူတွေနဲ့
ဆရာ-ဆရာမတွေထံမှ “ဟာ”ဆို တဲ့ အသံကြီးကို
အလွန်ပင် ကျယ်လောင်စွာ ကြားလိုက်ရပါတယ်။
သူတို့တွေက ထိန်ဝင်းကိုသာ နိုင်စေချင်စိတ်ကြီးစိုးနေချိန် မထင်မှတ်ပဲ အရှုံးနဲ့တွေ့ရမည်ကို အလွန်ပင်နှမြော၍
ထွက်လာသောအသံ ဖြစ်လိမ့်မယ်။
“ဟင်”
ဒီအသံ က ပိုကျယ်သွားခဲ့ပါတယ်။
ဘယ်သူမှ မထင်မှတ် ထားတဲ့ အပြုအမူ၊ မြင်ကွင်းတစ်ခုကို
တွေ့လိုက်ရ၍ဖြစ် ပါတယ်။
ပစ်လဲကျသွားသော မောင်ထိန်ဝင်းကို ချဉ်ဖတ် က
ဆွဲပွေ့လိုက်လို့ပါပဲ။ အားလုံး စိတ်ထင် ချဉ်ဖတ်တော့ပျော်ပြီး
ပန်းဝင်လိုက်ပြီ ထင်နေကြတာပါ။
ပန်းဝင်ဖို့ကလည်း ကိုက် ၁၀၀ သာသာ ကျန်တော့သည်ပေါ့။
မောင်ထိန်ဝင်းကို ဆွဲပွေ့လာပြီး ပြိုင်ပွဲအပြင်ကို ထွက်လာတာ ကျောင်းရဲ့ မကောင်းသတင်း
နာမည်ကြီး ချဉ်ဖတ် ဖြစ်နေသည်ကိုက
အားလုံးအတွက် အထူးအဆန်းပမာ ဖြစ်နေကြပါတယ်။
“ဟိုကောင်တွေ လာကြလေကွာ၊ မြန်မြန်လာကွ
ဒီကောင့် ကို ဆေးခန်းပို့မှ ရလိမ့်မယ် ထင်တယ်”
ပရိသတ်ကြားမှ အခန်းဖော်တွေ၊ ချဉ်ဖတ် သူငယ်ချင်းတွေ
ပြေးထွက်လာကြပြီး ညည်းညူနေသော မောင်ထိန်ဝင်း ကို
ဆေးခန်းပို့ရန် ၀ိုင်း၍သယ်ပိုးကာ ထွက်သွားကြတယ်။
ထိုကြားထဲ ပြေးလိုက်သွားတာကတော့
အလွန်ပင် စိုးရိမ်သောမျက်နှာနဲ့
အတန်းပိုင် ဆရာမ ဒေါ်မြင့်မြင့် ပဲဖြစ်ပါတယ်။
ကျောင်းအလံတိုင်အောက်က အုတ်ခုံလေးမှာ
ထိုင်ကျန်ခဲ့တာကတော့ ချဉ်ဖတ်ပါပဲ ။
ဆေးခန်းကို လိုက်~မသွားခဲ့ပါဘူး။
မောနေသော်လည်း ခပ်အေးအေးပုံစံနဲ့ အလံတိုင်ကို မှီပြီး
ရေအိုးစင်က ခပ်လာတဲ့ရေကို စိမ်ပြေ နပြေ မော့သောက်နေပါတယ်။
“ချဉ်ဖတ် လာ ထိုင်လေကွာ ”
“မင်းတို့ရော ဆေးခန်းလိုက် မသွားဘူးလား”
“ထားလိုက် စမ်းပါကွာ၊ မသေနိုင်ပါဘူးကွာ။
ဒါနဲ့ မင်း ဘာကြောင့် ပန်း မ၀င်လိုက်တာလဲ။
အခုတော့ မင်းတို့နောက်က ငပုကောင် ပထမ ရသွားတယ်ကွ။
မင်းပဲ ပထမဆုရတဲ့ လွယ်အိတ်လေး လိုချင်တယ်ဆို”
ချဉ်ဖတ် ဘာမှမပြော ခပ်ပြုံးပြုံးပဲ နေနေတယ်။
ထိုစဉ် သူတို့အနားကို PT ဆရာ ဦးညိမ်း ရောက်လာပါတယ်။
“ချဉ်ဖတ်”
“ဗျာ…..ဆရာ”
အနားသို့ ဆရာရောက်လာသဖြင့် အတင်းကုန်းထပြီး
မတ်တတ်ရပ်လိုက်ကြပါတယ်။
“မင်းလိုကောင်မျိုးမှာ ဒီလိုစိတ်ဓာတ်ရှိတာ ငါရော၊ အားလုံးရော
အတော် အံ့သြသွားတယ်ကွ။
မင်းကောင်တော့ ခြေဆစ်ခေါက်သွားလို့
မထနိုင်တော့ဘူး တဲ့။ ဒါနဲ့ မင်းက ပန်းဝင်ခါနီး
ဘာလို့ ပန်းမ၀င်ပဲ ထိန်ဝင်းကို သွားပွေ့ရတာလဲ ”
“ဘာမှ မဟုတ်ပါဘူး ဆရာ၊ အဖေက ပြောဖူးတယ်
အနိုင်ဆိုတာ တကယ်တော့ အလွယ်ဆုံး ရယူနိုင်တယ် တဲ့။ အရှုံးဆိုတာကိုသာ လူတွေ အလွယ် မရနိုင်တာတဲ့။
ကျွန်တော်က ဆုံးဖြတ်ပြီးသားပါ။
ပန်းဝင်ခါနီးရင် အလျော့ပေးပြီး
ဒီကောင့်ကိုပဲ အနိုင်ပေးလိုက်မှာပါ ဆရာ။
ဒီကောင်က အတန်းထဲမှာလည်း စာအတော်ဆုံး၊
စာစီစာကုံးပြိုင်ပွဲမှာလည်း အမြဲတမ်း ပထမ၊
ဒီလိုလူဆီမှာ အရှုံဆိုတာကို လက်ခံနိုင်အား မရှိနိုင်ဘူး လို့
ထင်တယ် ဆရာ။
ဒါ့အပြင် ကျွန်တော်လိုကောင် နိုင်ရင်လည်း မကောင်းပြန်ဘူး။
ထိန်ဝင်းနိုင်ဖို့ကို အားပေးနေတဲ့၊ မျှော်လင့်နေတဲ့ သူတွေကို စိတ်ပျက်သွားစေမှာပေါ့။
အဖေက ပြောတယ်။
လောကမှာ သူများကို ကျေနပ်စေတာ၊ ပျော်ရွှင်စေတာ
ကောင်းတဲ့ အလုပ်၊ လူတိုင်း မလုပ်နိုင်တဲ့ အလုပ် တဲ့။
တကယ်တော့ ဆရာရယ် …..
ကျွန်တော်က အမြဲ ရှုံးနေကျပါ။ သူများတွေ အမြင်မှာ
ကျွန်တော် ရှုံးနေတာကိုက
သူတို့းအတွက် ကျေနပ်စရာဖြစ်နေမှာပါ။
အဲ့ဒါကိုက ကျွန်တော့်အတွက်တော့ အနိုင်ပါပဲဆရာ ”
ဆရာရှေ့မှ ခေါင်းလေးငုံ့ကာ ထွက်သွားသော ချဉ်ဖတ် ခေါ် ကြည်လင်ရဲ့နောက်ကျောကို ဆရာလုပ်သူမှာ ကြည့်နေရင်း
(၈)တန်းအရွယ် ကလေးတစ်ယောက်ရဲ့ စကားတွေကို
ဘယ်လို နားလည်ရမှန်း မသိ … အံ့သြစွာ ကျန်ခဲ့ပါတော့တယ်။
ဒီလို စကားတွေကို ဆရာဖြစ်သူ မကြားဖူးပါ။
ဒီလို ကလေးမျိုးမှာ ဒီလောက်မြင့်တဲ့ အတွေးအခေါ် ရှိနေတာ
ပိုလို့ပင် အံ့သြစရာ တစ်ခုပါ။
အခြား ဆရာတွေကို ဒီစကားတွေ ပြန်ပြောပြရင် ယုံကြပါ့မလား။အတွေးတွေ များစွာဖြင့် ရပ်နေရင်း ……………
.
မောင်ထိန်ဝင်း ကျောင်းပြန်တက်တဲ့နေပေါ့။
အပြေးပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ငပုလို့နာမည်ပြောင်ခေါ်တဲ့
ကျော်စိန်လည်း လွယ်အိတ် တကားကားနဲ့
ကျောင်းတက် လာတဲ့နေပေါ့။
အချိန်က အတန်းပိုင်ဆရာမ ဒေါ်မြင့်မြင့် အချိန် –
“သားလေး သက်သာလား။
လမ်းကို ဖြေးဖြေးလျှောက်နော်။
အတက်/အဆင်း သတိထား သိလား”
အချစ်တော် မောင်ထိန်ဝင်းကို ကရုဏာအပြည့်နဲ့
နိဒါန်းတွေ ခြွေနေတာပါ။
“ဆရာမ ၀င်ခွင့်ပြုပါ”
အသံကြောင့် ကျောင်းသားတွေ အခန်းပေါက်ဝကို
လှမ်းကြည့်မိကြသည်။ အပေါက်ဝတွင် ရပ်၍
ဝင်ခွင့်တောင်းနေတာကတော့ ချဉ်ဖတ်ပါပဲ။
“ဟို အကောင် ဟင်….. ဒီနေ့ရော နောက်ကျနေပြန်ပြီလား။
မင်းကတော့ အတော်လွန်တာပဲ။ ဘာစည်းကမ်းမှလည်း မသိ၊
မလိုက်နာ။ နင့်လိုကောင်က ကျောင်းတက်နေဖို့ မကောင်းဘူး။
သွား ….. ၀င်၊ သွားထိုင်”
ကပို့ကရို့နဲ့ ချဉ်ဖတ် နောက်ဆုံးအတန်းကို အပြေးတစ်ပိုင်းနဲ့
ဝင်ထိုင်လိုက်ပါတယ်။ ချွေးတွေရွှဲနေသော ချဉ်ဖတ်မှာ
ပုဆိုးစကို ယူပြီး မျက်နှာကို သုတ်လိုက်ပါတယ်။
“မင်း ဘာဖြစ်လို့ နောက်ကျနေတာလဲ”
“ဒီလို ပါပဲကွာ”
ထိုစဉ် အခန်းထဲကို ကျောင်းစောင့် ကိုပေါက်ကြီး ပြေးဝင်လာပြီး
“ဆရာမ … ဆရာမ
ဆရာမအိမ် ခုနက မီးလန့်လို့ တဲ့”
“ဟင် ….. ဟုတ်လား …
တော်တော်ပါသွားလား ရှင်”
ထိုင်ရာမှ ထလာပြီး
အလွန်ပင် သောကရောက်သွားသော ပုံစံဖြစ်နေသော ဆရာမကို
ကျောင်းသား~ကျောင်းသူတွေ ၀ိုင်းကြည့်နေကြပါတယ်။
“ဘာမှ မစိုးရိမ်ပါနဲ့တော့ ဆရာမ၊
မီးက ဘာမှ မလောင်သွားပါဘူး။
ကျောင်းသားလေး တစ်ယောက်တွေ့ပြီး
အတင်းဝင်သတ်သွားလို့ မီးငြိမ်းသွားတယ်တဲ့။ ခုပဲ … …
ဆရာမတူလေး လာပြောသွားလို့ ကျွန်တော် လာပြောတာပါ”
ကျောင်းစောင့် ကိုပေါက်ကြီး ပြန်ထွက်သွားပါတယ်။
ဆရာမလည်း အခန်းထဲပြန်ဝင်လာပြီး
ခုမှ သောကအေးသွားသော မျက်နှာလေးနဲ့
သက်ပြင်းချလိုက်ပါတယ်။
“ကဲ … ကဲ … အိမ်စာတွေ လာတင်ကြ။
မတင်တဲ့သူ မပြီးတဲ့သူ ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်လာခဲ့နော်။
ရှေ့မှာ လက်လာမြှောက်ထား”
ရှေ့ဆုံးမှ ထွက်လာသူက ချဉ်ဖတ်ပါ။
ဆရာမလည်း ချဉ်ဖတ်ကို မြင်လိုက်တဲ့အခါ
အိမ်စာ မလုပ်လာရမလားလို့ ဒေါသထွက်သွားပါတယ်။
“ဟဲ့ … ကြည်လင် ! နင် အိမ်စာ မလုပ်ခဲ့ပြန်ဘူးလား ”
” ဒီ တစ်ခါတော့ လုပ်ခဲ့ပါတယ် ဆရာမ။
ဒါပေမယ့် စာအုပ် ဘယ်မှာ ကျကျန်ခဲ့လည်း မသိဘူး။
မတွေ့တော့လို့ လာ~အပြစ်ခံတာပါ”
“နင်ဟာလေ … ငါ့တောင် လာလိမ်နေတယ်ပေါ့။ လာခဲ့ ။
နင့်လိုကောင်ကို အရည်ဆုတ်ပစ်မှ ရမယ်”
ခုံပေါ်မှ ကြိမ်လုံးကို လှမ်းယူပြီး ရိုက်ရန်ပြင်လိုက်ပါတယ်။
“ခဏ … ဆရာမ … ခဏ ၊ ရိုက်တာတော့ ရိုက်ပါ ဆရာမ။
ဒါပေမယ့် ကျွန်တော် မလိမ်ပါဘူး။
အိမ်စာ တကယ် လုပ်ခဲ့ပါတယ်။
စာအုပ်လည်း တကယ် ပျောက်သွားတာပါ။
အဖေက ပြောဖူးတယ်..အပြစ်ဆိုတာ ရှိရင်တော့ ခံရမယ်။
အပြစ်သက်သာအောင်တော့ ဘယ်တော့မှ မလိမ်ရဘူးတဲ့။
အဲဒါ ယောက်ျားကောင်းတို့ရဲ့ အလုပ်~မဟုတ်ဘူး တဲ့ ဆရာမ”
“ဒီကောင်ကတော့ ….
ကဲဟယ် … ကဲဟယ် …ကဲဟယ်…ကဲဟယ်…ကဲဟယ် ”
ကြိမ်ငါးချက်ကို အပြုံးမပျက်ပဲ ချဉ်ဖတ်ခံယူလိုက်ပါတယ်။
အရိုက်ခံလိုက်ရတဲ့အတွက် လက် မမြှောက်ရတော့ပဲ
ပြန်ဝင်ထိုင်ရပါတယ်။
ချဉ်ဖတ်ရဲ့ထူးခြားချက်မှာ အပြုံး မပျက်ခြင်းပဲ။
.
.
.
ညနေ ကျောင်းဆင်းပါပြီ။
ဆရာမဒေါ်မြင့်မြင့်လည်း မနက်က ကြားထားတဲ့ ကိစ္စကြောင့်
အိမ်ကို အမြန်ပြန် လာခဲ့ပါတယ်။
အိမ်ကို ရောက်ရောက်ခြင်း ထိုင်နေတဲ့မိခင်ကြီးကို
ဘယ်လိုက ဘယ်လိုဖြစ်တယ်ဆိုတာ မေးပါတော့တယ်။
ဆရာမတို့ အိမ်ဟာ လမ်းမဘေးမှာ ရှိနေတာပါ။
ခြံစည်းရိုးနဲ့လည်း အိမ်ဟာ သိပ်မလှမ်းပါဘူး။
ဖြစ်ပုံကို မိခင်ကြီး ရှင်းပြသည်ကတော့ –
“သမီးရယ် အမေက ဘုရားမီး ပူဇော်ပြီး
နောက်ဖေးမှာ ဟင်းအိုး သွားကြည့်တာ။
အဲ့ဒါ ဘုရားမီးက ပြုတ်ကျပြီး အောက်က ဘုရားရှိခိုးရင် ထိုင်တဲ့
ပိတ်စ အခင်းပေါ်ကျပြီး မီး ထလောင်တာပါပဲ သမီးရယ်။
အဲ့ဒါနဲ့ လမ်းကဖြတ်သွားတဲ့ ကျောင်းသားလေး တစ်ယောက်က
လှမ်းတွေ့လို့ အတင်းတက်လာပြီး သူ့လွယ်အိတ်လေးနဲ့ မီးကို
ရိုက်သတ်တာပေါ့။ မီးက မငြိမ်းတော့
အနီးက သောက်ရေအိုးကို မ,ပြီး ငြှိမ်းလိုက်တယ်လေ။
အမေလည်း ကြောက်ပြီး ကြောင်ကြည့်နေမိတာပေါ့။
အဲ့ဒီကလေးက မီးလည်းငြိမ်းရော သားကျောင်းနောက်ကျနေလို့
ခွင့်ပြုပါဦး ဆိုပြီး ဆင်းပြေးသွားပါလေရော။
သူသာ မလာခဲ့ရင် အခု အိမ်တောင် ကျန်မယ်~မထင်တော့ဘူး။ ဒါနဲ့ ဘုရားစင်နားက ဘီဒိုအောက်မှာ သူ့စာအုပ်လေးတောင်
လွင့်ကျ ကျန်ခဲ့သေးတယ် သမီးရဲ့ ”
အမေဖြစ်သူက ရှေ့စားပွဲပေါ်မှ ခပ်နွမ်းနွမ်း စာအုပ်လေးကို ယူ၍
သမီး~ဆရာမကို လှမ်းပေးလိုက်ပါတယ်။
ဆရာမလည်း လှမ်းယူပြီး အဖုံးပေါ်မှ နာမည်ကို
ကြည့်လိုက်မိသောအခါ ရင်ထဲမှာ
မီးတွေ တောက်လောင်သွားသလားတောင် ထင်မိလိုက်ပါတယ်။
စာအုပ်အဖုံးပေါ် ရေးထားတာက
မောင်ကြည်လင်
ROOM – C
Grade – 9
.
.
ဆရာမလည်း စာအုပ်ကို အတင်းကာရော လှန်ကြည့်မိလိုက်ပါတယ်။
မျက်ရည်တွေ လိမ့်ကျလာပါရောလား။
နောက်ဆုံး စာမျက်နှာမှာ
သူမ အိမ်စာအဖြစ်~ပေးလိုက်သော Essay အား
သေသပ်စွာ ရေးထားသည်ကို တွေ့လိုက်ရပါတယ်။
ရုပ်ရှင်ပြကွက်လို မျက်စိထဲမှာ ပြန်လည်မြင်လာမိပါတယ်။
သူ အမှန်တွေပြောခဲ့သော်လည်း မယုံခဲ့မိဘူး။
ဒေါသကြောင့် အားပြင်းပြင်းနဲ့ ရိုက်ခဲ့မိတဲ့ ကြိမ်ဒဏ် ငါးချက်ကို
တွေးမိပြီး မျက်ရည်တွေ ပိုကျလာမိတယ်။ …………….
သူ့ အခန်းထဲရောက်လာတဲ့ ကာလတစ်ခုလုံး
တစ်ခါမှ မျက်နှာသာ မပေးမိဖူးသော ကျောင်းသားလေး၊
စကားကြီး၊ စကားကျယ်တွေကို အမြဲပြောတတ်လို့
အမြင်ကပ်မိသော ကျောင်းသားလေး၊
အမြဲပြုံးနေတာကို ရိသလို လုပ်နေတယ်၊
ပြောင်စပ်စပ် လုပ်နေတယ် ထင်မိပြီး
မျက်မုန်းကျိုးခဲ့မိသော ကျောင်းသားလေး။
တကယ်တော့ ..တကယ့် လူတော်လေးပါ။
ပြီးခဲ့တဲ့ တစ်ပတ်က အပြေးပြိုင်ပွဲမှာ ပထမဆု အလွယ်လေး
ရယူနိုင်သော်လည်း ပန်းမ၀င်ပဲ သူငယ်ချင်းကို ပြေးကူခဲ့တယ်။
ခုလဲ ကျောင်းမှာပြောပြရင် ရရဲ့သားနဲ့
နေရာ မယူဘူး။ နာမည်ကောင်း မယူခဲ့ဘူး။
ကျောင်းအလုပ်တွေ ခိုင်းသမျှလည်း တစ်ခါမှ မငြိုငြင်ခဲ့ဖူးဘူး။
.
.
.နောက်တစ်ရက် မနက်ခင်း …
ကျောင်းခေါင်းလောင်းသံကြောင့်
ကျောင်းသားတွေ အတန်းတွေထဲကို ၀င်ပြီး နေရာယူကြပါတယ်။
ဆရာမဒေါ်မြင့်မြင့် ဒီနေ့ကျောင်းကို ခပ်စောစော ရောက်လာပြီး
အခန်းထဲကိုလည်း ခပ်စောစောလာခဲ့မိတယ်။
စိတ်စောနေမိတယ်။
ကျောင်းသားတစ်ယောက်ကို အလွန်တွေ့ချင်နေမိပြီး
ကျောင်းသားတွေကို ခဏခဏ လှမ်းကြည့်နေမိတယ်။
သူရှာနေတဲ့ချဉ်ဖတ် ကျောင်းကို ရောက်,မလာသေးပါ။
ကျောင်းတက်ခေါင်းလောင်း ထိုးပြီး၍ နိုင်ငံတော်သီချင်းဆို၊
ဘုရားရှိခိုးပြီးသည်အထိ ကြည်လင် (ချဉ်ဖတ်)
ရောက်,မလာသေးပါဘူး။
စာသင်ဖို့ပင် စတင်နိုင်ပြီ ဖြစ်သော်လည်း ဆရာမတစ်ယောက်
ကြည်လင်ကို မျှော်နေမိ၍ စာမသင်ဖြစ်သေးပါ။
.
.ဖိနပ်သံကြားလိုက်ရပါတယ်။ ပြေးလာနေတဲ့ အသံတစ်ခု။
“ဆရာမ … ၀င်ခွင့်ပြုပါ”
အခန်းဝမှ ၀င်ခွင့်တောင်းသံကြောင့် လှမ်းကြည့်မိလိုက်တဲ့အခါ –
“ဟင်”
ဆရာမ ထိုင်နေရာမှ အတင်း ထပြေးသွားမိသည်။ ကျောင်းသားတွေလည်း “ဟာ” ခနဲဖြစ်၍
မတ်တတ်တွေ ထရပ်ကုန်ကြတယ်။ အခန်းဝတွင် ခေါင်းမှာ
ပတ်တီးအဖွေးသားနှင့် ပြုံးနေသော မောင်ကြည်လင်။
ဒါမှမဟုတ် အများ အခေါ် ချဉ်ဖတ်ကို တွေ့လိုက်ရ၍ ဖြစ်သည်။
“သားရယ်…..ဘာဖြစ်လာတာလဲဟင်။
ခေါင်းမှာလည်း ပတ်တီးကြီးနဲ့ပါလား”
ဆရာမရဲ့ ကရုဏာသက်နေတဲ့မြင်ကွင်းကို တွေ့သော်လည်း
မအံ့သြပဲ ခပ်ပြုံးပြုံးပင် နေနေပါတယ်။
“ဘာမှ မဖြစ်ပါဘူး ဆရာမ။ ခေါင်းနည်းနည်း ပေါက်သွားတာပါ။
မနက်က အစောကြီး အမေ့ကို ဈေးထကူပြီး ဆိုင်ဖွင့်ပေးနေတာ
ဘယ်ကလာတဲ့ ခဲလည်း မသိပါဘူး ဆရာမရယ် ၊
အဲ့ဒါ လာမှန်ပြီး ခေါင်းပေါက်သွားလို့ပါ”
“သားရယ် … ဖြစ်မှဖြစ်ရလေ။
မင်းလို စိတ်ကောင်းရှိတဲ့သူကိုတောင်
ခဲနဲ့ ချောင်းပစ်တဲ့သူ ရှိတယ်တဲ့လား”
“ဆရာမ”
“ဘာလဲ မောင်ထိန်ဝင်း”
ထိန်ဝင်းခေါ်သံကြောင့်
ကျောင်းသားတွေရဲ့ မျက်လုံးအကြည့်တွေ
သူ့ဆီ ရောက်သွားကြပါတယ်။
ထိန်ဝင်းမှာ မျက်နှာငယ်လေးနဲ့ ဖြစ်နေပါတယ်။
“ဆရာမ…..
ချဉ်ဖတ် ကိုလေးခွနဲ့ ချောင်းပစ်တာ သားပါ”
“ဟင်”
အားလုံး အလွန်ပင် အံ့သြ မှင်သက်သွားကြပါတယ်။
ထိုအခါ ချဉ်ဖတ် က –
“သူငယ်ချင်း ထားလိုက်ပါကွာ။
မင်း မပြောပြလည်း ငါသိပြီးသားတွေပါ။ ထားလိုက်စမ်းပါ။
မေ့သာ ထားလိုက်စမ်းပါ။ငါ ဘယ်သူ့မှ အပြစ်မတင်ပါဘူးကွာ။
ငါ့မှာ ခံသင့်တဲ့ အကြောင်းကိစ္စရှိလို့သာ ခံရတာပါကွာ။
မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။ ထိသွားတာလည်း နည်းနည်းပါကွာ။
ဘာမှ မဖြစ်ပါဘူး။ မင်း ဘာမှ ဆက်ပြောမနေနဲ့တော့။
ထိုင်ပါကွာ ”
အားလုံး ပိုလို့ အံ့သြသွားကြပါတယ်။
ခပ်ပြုံးပြုံးနဲ့ နောက်ဆုံးတန်းကို လှမ်းဝင်သွားသော
လူထူးဆန်း ချဉ်ဖတ်ကို ၀ိုင်းကြည့်နေမိကြတယ်။
ကိုယ့်ကို ခေါင်းပေါက်အောင် လေးခွနဲ့ ချောင်းပစ်ခံရတာတောင်
ခပ်အေးအေးပုံစံနဲ့၊ အပြစ်လုပ်သူကိုတောင် အပြစ်မမြင်ပါလား။
“ထိန်ဝင်း”
ဆရာမရဲ့ ဒေါသသံ စွက်ဖက်နေသောခေါ်သံကြောင့်
ထိန်ဝင်းလန့်သွားကာ ထိုင်ရာမှ ထလိုက်ပါတယ်။
“မင်းက ဘာဖြစ်လို့ မောင်ကြည်လင်ကို လေးခွနဲ့
ချောင်းပစ်ရတာလဲ။ မင်းကွာ…မတော်လို့ မျက်လုံးမှန်သွားရင်
ဘယ့်နှယ်လုပ်မလဲ။ ဟိုက ရဲသွားတိုင်ရင်လည်း
နင် အဖမ်းခံရမှာ သိရဲ့လား ”
“ဟုတ် ..! သား မှားသွားပါတယ်။
ပြေးပွဲနေ့က သူဝင်တိုက်လိုက်လို့ လဲကျသွားတယ် ထင်ပြီး
လေးခွနဲ့ ချောင်းပစ်မိတာပါ ဆရာမ”
“သူသာ အကျင့်မကောင်းရင် နင် လဲသွားတော့
ပထမရအောင် ပန်းဝင်ယူမှာပေါ့။
ခုတော့ သူ့ကြောင့် နင် ဆေးခန်းကို မြန်မြန်ရောက်ရတာလေ”
“ဆရာမ …..
သားကို စကားပြောခွင့် နည်းနည်းလောက် ပေးပါလား”
နောက်တန်းမှ ချဉ်ဖတ်ထ၍ ပြောလိုက်ခြင်းဖြစ်သည်။
“သူ့ကို အပြစ်မတင်ပါနဲ့တော့ ဆရာမ။
တကယ်က သား~အပြစ်တွေပါ။
ကိုယ့်ကို အမြင် မကြည်ဖြစ်နေတဲ့သူကို
အမြင်ကြည်အောင်ပြောတာနဲ့ မရနိုင်ဘူးတဲ့။
အချိန်အခါနဲ့ အလုပ်ကပဲ ဖြေရှင်းပေးနိုင်တယ် တဲ့။
ဒါကြောင့် ဘာမှ မရှင်းပြမိတာ သား~အပြစ်တွေပါ။
ပြီးတော့ ကိစ္စတစ်ခုကို ပြီးသွားတဲ့အခါ ပြီးတဲ့အပေါ်မှာ
မျက်နှာသာ ၀င်မယူရဘူးတဲ့။
ကိုယ့်ကောင်းကြောင်း ကိုယ်တိုင်ဝင်ပြောပြီး
မျက်နှာသာရအောင် ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့။
ဒါကြောင့် ကိစ္စတွေအားလုံး ထားလိုက်ပါ ဆရာမ။
သား . အားလုံးကို ခွင့်လွှတ်သလို
အားလုံးကိုလည်း နားလည်ပေးနိုင်ပါတယ် ”
#လေ့လာမျှဝေသူ ~ MNN {ဖြစ်ရပ်မှန် ဇာတ်လမ်းများ}
Credit – ဓမ္မရေချမ်းစင်| Facebook

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...