======

ပြင်စာသင်္ချိုင်းက ဦးခေါင်းပြတ်သရဲမ မအေးဖြူ (သရဲကြောက်ရင်တော့ မဖတ်နဲ့နော်)


မအေးဖြူကတော့ ထူးထူးခြားခြား ပြင်စာရွာမှာ အတန်းပညာ တတ်မြောက်တဲ့ တစ်ဦးတည်းသော ကောင်မလေးတစ်ယောက်ပါ။ သူမဟာ ပြင်စာနဲ့ ရှစ်မိုင်ခန့် ဝေးကွာလှတဲ့ ၀ါးပင်စုအမည်ရ ရွာမှာ ဆယ်တန်းကျောင်းသူအဖြစ် တက်ရောက်နေပါတယ်။ ၀ါးပင်စုက အမျိုးအိမ်မှာ တည်းခိုနေထိုင်ပြီး၊ ဆယ်တန်းနှစ်စမှာပင်၊ ရည်းစားသနာ ထားခဲ့ပါတယ်။
မအေးဖြူဟာ နာမည်နဲ့မလိုက်အောင် မောက်မာရိုင်းစိုင်းသူဖြစ်ပြီး၊ မိခင်ဒေါ်ဖြူတုတ်ကိုပင် တစ်ခါတလေ ထိုးကြိတ်ကန်ကျောက်တာမျိုးတွေ ပြုလုပ်ပါတယ်။ အဖေဖြစ်သူ ဦးညီမောင်ကတော့ သမီးကို ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့သူပီပီ သမီးလုပ်သမျှကို အကောင်းမြင်၊ ဝေဖန်သူတွေကိုသာ ပြန်ပြီး ကဲ့ရယ်ပြစ်တင်နေသူ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ မအေးဖြူ ကံဆိုးမိုးမှောင် ကျခဲ့ပါတယ်။

(၂)ထိုစဉ်က သူမ စနေတနင်္ဂနွေကျောင်းပိတ်လို့ ရွာကို ခေတ္တပြန်ပြီး ရိက္ခာသယ်ချိန် ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ ၀ါးပင်စုမှ ပြင်စာကို တောလမ်းခရီးကြမ်းမို့ ရှစ်မိုင်လောက် မောင်းရပါတယ်။ ရွာကို ပြန်ရောက်တော့ ပါလာသမျှ အ၀တ်ကို မိခင်ကြီးကို အလျှော်ခိုင်းပါတယ်။ မိခင်ကြီးလည်း သမီးရဲ့ အ၀တ်တွေကို လျှော်ပေးရှာတာပါဘဲ။ နေ့ခင်းပိုင်း တစ်ရေးတမောအိပ်ပြီး၊ ရွာထဲက ငယ်သူငယ်ချင်းတွေဆီကို အလည်ထွက်ခဲ့ပါတယ်။
လမ်းက လူပြတ်တဲ့ ကွင်းစပ်မှာ ထမ်းရည်မူးလာတဲ့ အေးကို၊ စံထူးအောင်တို့နဲ့ တိုးပါတယ်။ စံထူးအောင်က အေးဖြူရဲ့လက်ကို အတင်းလိုက်ဆွဲ
ပြီး-
” ဟေ့ အေးဖြူ … နင်က အထက်တန်းကျောင်းသူကြီးဆိုတော့ ငါ့ကို မေ့နေပြီပေါ့ .. နင်ပဲ ငါ့ကို ငယ်ငယ်က ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆို “ဟု ရမ်းကားပါတော့တယ်။
အေးဖြူကလည်း နဂိုကတည်းကမှ ရုပ်ရည်ကလေးရှိ၊ ပစ္စည်းကလေးရှိ၊ ပညာမာနလေးရှိပြီး မောက်မာရိုင်းစိုင်းသူ ပီပီ စံထူးအောင် မျက်နှာကို တံထွေးနဲ့ထွေးကာ ” သတောင်းစား အခု ငါ့လက်ကို လွှတ်စမ်း … နင့်လို တောကြိုအုံကြား … သားအဖနှစ်ယောက်စလုံးပေါင်းလို့ လေးတန်းမအောင်တဲ့ကောင်ကို ငါက စဉ်းစားမလား … ထွီ ဖယ်စမ်း သနလို့ “ဆိုပြီး ရန်ပြန်တွေ့ပါတယ်။
စံထူးအောင် အနာပေါ်တုတ်ကျဖြစ်သွားပြီး ” ဘာ  … ဘာကွ … နင်က မြို့မဟုတ်တောမဟုတ် ၀ါးပင်စုလောက်ကိုများ စိတ်ထဲတွက်ပြီး၊ ရွာသားက ခါးတယ်ပေါ့လေ … နင် ငါ့အကြောင်း သိကို သိစေရမယ် .. “ဟု ဆိုကာ လူကို ဖက်နမ်းဖို့ လုပ်ပါတယ်။ အေးကိုကလည်း ချကွာ၊ ဘယ်သူမှ မြင်တာမဟုတ်ဘူး-ဆိုပြီး မြောက်ပေးပါတယ်။
အေးဖြူ အတင်းရုန်းကန်ပေမယ့်၊ လူရမ်းကား စံထူးအောင်ကို အားချင်းမယှဉ်နိုင်ခဲ့လို့ အဓမ္မ အနမ်းခံလိုက်ရပါတယ်။ “ဖယ်စမ်း ခွေးသူတောင်းစား … ကဲဟာ … ဖြန်းဖြန်း “ဆိုပြီး စံထူးအောင် ပါးကို ဘယ်ပြန်ညာပြန် အားနဲ့လွှဲရိုက်ကာ၊ အေးကိုရဲ့ ရင်ဘက်ကိုလည်း ဦးခေါင်းနဲ့ ဆောင့်ပြီး၊ ခပ်သုပ်သုပ် ထွက်ပြေးခဲ့ပါတယ်။ သူငယ်ချင်းတွေဆီလည်း သွားမလည်ဖြစ်တော့ပဲ၊ အိမ်ကို ဒေါသနဲ့ ပြန်လာခဲ့ပါတယ်။
(၃)အိမ်မှာ ဒေါသပေါက်ကွဲစရာက အမေဖြစ်သူ ဒေါ်ဖြူတုတ်ပါ။
” အ၀တ်တွေက မခြောက်သေးဘူးလား “သမီးဖြစ်သူရဲ့ ဒေါသ မီးဝင်းဝင်းတောက် မျက်လုံးကြောင့် မိခင်ဖြစ်သူ ထိတ်ထိတ် ပြာပြာ ဖြစ်သွားပါတယ်။ ” သြော် သမီးရယ် … သောကြာနေ့မှ ပြန်မယ်ဆို … အ၀တ်တွေက ခုနကမှ လှမ်းထားတာ ဘယ်ခြောက်ဦးမလဲကွဲ့ ” လို့ အကျိုးသင့်အကြောင်းသင့် ရှင်းပြတာတောင် အေးဖြူက ” တော်စမ်း … တိတ်စမ်း … အခု အ၀တ်ခြောက်တာ လိုချင်တယ် .. မဟုတ်ရင် ကျုပ်အဆိုးမဆိုနဲ့ ” … ” အော် သမီးရယ် အမေကို အဲဒီလို မအော် ” … ” တိတ်ဆို တိတ် … မိကျောင်းမင်းကို ရေခင်းလာမပြနဲ့ .. တော်ကြီးထက် ကျုပ်က ပညာပိုတတ်တယ် … ဘာမှ ဆရာလာမလုပ်နဲ့ အ၀တ်သာ မြန်မြန်ခြောက်အောင် လုပ် ” … မိခင်ဖြစ်သူ ဒေါ်ဖြူတုတ်ခမျာ မျက်ရည် တောက်တောက် ကျပြီး၊ အခုမှ လှမ်းထားတဲ့ အ၀တ်တွေကို ၀န်လေးစွာ ကြည့်နေမိပါတော့တယ်။
” အောင်မလေး သမီးရဲ့ ”
ဒီတင်မှာပဲ အကုသိုလ်အကြီးစားဝင်နေတဲ့ သမီးဖြစ်သူ အေးဖြူဟာ မိခင်ဖြစ်သူ ဒေါ်ဖြူတုတ်ကို မပြောမဆို နောက်ကနေ အုန်းတံမြတ်စည်းနဲ့ သိမ်းရိုက်ပါတော့တယ်။ အလွန်စက်ဆုက်ဖွယ်ရာကောင်းတဲ့ ရိုင်းစိုင်းမှုပါဘဲ။ မိခင်ဖြစ်သူဟာ ဂုတ်ဆက်ကို တံမြတ်စည်းနဲ့ မိမိရရ အရိုက်ခံလိုက်ရလို့ မူးမေ့ လဲကျသွားပါတယ်။ အဲဒီနောက် ဘာတွေဆက်ဖြစ်တယ်ဆိုတာ ဒေါ်ဖြူတုတ် မသိတော့ပါဘူး။
အေးဖြူဟာ အကုသိုလ်များလွန်းတဲ့ရွာဆိုပြီး၊ ၀ါးပင်စုကို ပြန်သယ်မယ့် ရိက္ခာနဲ့ မခြောက်တစ်ခြောက်ဖြစ်နေတဲ့ အ၀တ်တွေကို ကမန်းကတန်းသိမ်းကာ၊ ဆိုင်ကယ်ကို အပြင်းမောင်းပြီး ထွက်သွားခဲ့ပါတယ်။ အိမ်နီးနားချင်းတွေက ဒေါ်ဖြူတုတ်ကို ပြုစုခဲ့ရပြီး၊ နာရီဝက်လောက်ကြာမှ သတိကောင်းကောင်း လည်ပါတော့တယ်။ မကြာမီမှာပဲ အိမ်ရှေ့က ရေအိုးစဉ်ဟာ အကြောင်းမဲ့ လဲကျပြီး အိုးကြီးကွဲသွားပါတော့တယ်။ ဒေါ်ဖြူ မျက်စိမျက်နှာပျက်ပြီး-
” အမလေး ငါ့သမီးလေး ကိုယ်ကျိုးနည်းပြီနဲ့ တူပါရဲ့ “ဟု အော်ဟစ်မိသွားခဲ့ပါတယ်။

(၄)တကယ်လည်း အေးဖြူတစ်ယောက် ကိုယ်ကျိုးနည်းရပါတော့တယ်။ ဒါကို ရွာသူရွာသားတွေက မိဘကို ပြစ်မှားလို့ ကံကြီးထိုက်တာလို့ ဆိုပါတယ်။ အကြောင်းကတော့ အေးဖြူအပေါ် ဆက်ဆက်ခါ နာသွားတဲ့ စံထူးအောင်နဲ့ အေးကိုက အေးဖြူတစ်ယောက် ရွာကနေ ၀ါးပင်စုကို ပြန်တာကို တွေ့သွားပြီး၊ နောက်ကနေ ဆိုင်ကယ်နဲ့ အတင်းလိုက်သွားကြပါတယ်။
ပြင်စာသုဿန်မှာ အေးဖြူကို မီပြီး၊ နှစ်ယောက်သား လက်သီးနဲ့ ၀ိုင်းထိုးကာ ဗလက္ကာယ ပြုကျပါတယ်။ ပြီးနောက် လည်ပင်းကို မြတ်ရိတ်တံစဉ်နဲ့ တိတိရိရိလှီးဖြတ်ပြီး၊ တိုင်ထောင်ကာ ချိတ်ဆွဲခဲ့ပါတယ်။ စံထူးအောင်နဲ့ အေးကိုဟာ တောထဲမှာ သွားရောက် ရှောင်ပုန်းနေခဲ့ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့လိုက် ဆင်းပြီး၊ တောနင်းရှာမှ အစာပြတ်ပြီး၊ လဲနေတဲ့ တရားခံနှစ်ယောက်စလုံးကို အမိဖမ်းနိုင်ခဲ့တာပါ။ နှစ်ယောက်စလုံးကို တရားရုံးက သေဒဏ်စီရင်ခဲ့ရတဲ့ အမှု ဖြစ်ပါတယ်။
(၅)
မအေးဖြူဟာ မိခင်ကြီးကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ကံကို ကျူးလွန်ခဲ့လို့ ကံကြီးထိုက်တယ်လို့ပဲ အားလုံးက ယူဆကြပါတယ်။ မအေးဖြူရဲ့ အလောင်းကို မြေချသင်္ဂြိုဟ်ခဲ့ကြပေမယ့်၊ မအေးဖြူကတော့ ပြင်စာသုဿန်မှာ ခေါင်းပြတ်ကြီးကိုင်ထားတဲ့ အသွင်သဏ္ဍန်နဲ့ ဆက်လက်သောင်းကျန်ရင်း ခြောက်လှန့်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ မအေးဖြူ ခြောက်လှန့်တာကို မယုံတဲ့သူကတော့ ရွာထဲမှ အရက်သမား အောင်ကြီး (သေဒဏ်ချမှတ်ခံရသည့် အေးကို၏ အစ်ကိုအရင်း)ပါ။
သူက ” အေး အဲဒီ ခြောက်တယ်ဆိုတဲ့ သရဲမကို ငါကိုယ်တိုင် သရဲဘ၀က ပြောင်းပေးမယ် … “ဟု အရက်မူးမူးနဲ့ ကြိမ်းမောင်းကာ မအေးဖြူ ကျက်စားတဲ့ ပြင်စာသုဿန်ကို ည 9 နာရီလောက် ယိုင်တိယိုင်တိုင်၊ ဓားတစ်လက်ကို ကိုင်ပြီး သွားရောက်ခဲ့ပါတယ်။

ပြင်စာသုဿန်ဟာ မိုးတစ်ဖြိုက်ဖြိုက်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ တစ်ချက်ချက် လျှပ်ရောင်တ၀င်းဝင်း အောက်မှာ ငြိမ်သက်နေတဲ့ အုတ်ဂူဖွေးဖွေးတွေဟာ အခုပဲ နာနာဘာဝတွေ ထွက်လာလေတော့မလား တွေးထင်ရပါတယ်။ ခွေးအူသံရှည် သဲ့သဲ့ကို ဘယ်ကနေမှန်းမသိ ကြားလိုက်ရပြီး၊ အောင်ကြီးတစ်ယောက် သင်္ချိုင်းပြင်ကို ဇဝေဇ၀ါ ကြည့်လိုက်ပါတယ်။ သူ ရွာတုန်းက သတ္တိတွေ ကင်းစင်သွားသလို ခံစားရပြီး၊ လက်ထဲက ကိုင်ထားတဲ့ ဓားက တဆက်ဆက် တုန်သလို ဖြစ်လာခဲ့ပါတယ်။
ချက်ချင်းပဲ ကျောထဲ စိမ့်ကနေ တက်လာပြီး၊ လာရာလမ်းကို လှည့်ပြန်မယ်အလုပ်၊ ဂူပေါ်မှာ ငုပ်တုတ်ကြီးထိုင်နေတဲ့ မအေးဖြူကို လှမ်းတွေ့လိုက်ပါတယ်။ ” ဟာ … အေး .. အေးဖြူ … ငါ့ကို ဗွေ … ဗွေမယူပါနဲ့ ” လို့ အော်လိုက်ပါတယ်။ ဒါပေမယ့် အေးဖြူက တုတ်တုတ်မျှ မလှုပ်၊ စိမ်းဖန့်ဖန့် မျက်လုံးအစုံနဲ့ အောင်ကြီးကို စိုက်ကြည့်နေပါတယ်။

အောင်ကြီးခမျာ စပါးကြီးမြွေ အညှို့ခံလိုက်ရတဲ့ သားကောင်လို၊ ကြောက်ရမှာသာ သိပြီး၊ ဘာလှုပ်ရှားမှုမှ မလုပ်နိုင်တော့ပါဘူး။ ခဏတွင်းမှာပဲ မိုးစရွာပြီး၊ သုဿန်အတွင်းမှာ နာနာဘာဝတို့ရဲ့ ခြောက်ခြားဖွယ် ရယ်မောသံတွေကို ကြားရပါတယ်။ ဂူပေါ်မှာထိုင်နေတဲ့ မအေးဖြူသရဲမ ခန္ဓာကိုယ် ကြွတက်လာပြီး-
“နင်က ငါ့ကို သတ်မယ် ဟုတ်လား … နင်သာ သေဖို့ပြင်ထားဟေ့ “လို့ ၀ူးဝူးဝါးဝါး အော်ပြောသံကို ကြားရပြီး၊ အောင်ကြီးခမျာ သေးစိမ်းပန်းတဲ့အထိ ကြောက်အားကြီးသွားပါတယ်။
မအေးဖြူဟာ လူ့ဘ၀မှာ လှသလောက်၊ သရဲဘ၀မှာ အလွန်စက်ဆုက်ဖွယ်ရာ အဆင်းနဲ့ပါ။ သူမရဲ့ ခန္ဓာကိုယ်ဟာ လေထဲမှာ လူတစ်ရပ်အမြင့်လောက် ၀ဲပျံနေပြီး၊ လက်က တဖြည်းဖြည်း ခေါင်းကို လှည့်လိုက်ပါတယ် သူမရဲ့ လက်ထဲမှာ ခေါင်းဟာ ပြတ်ပြီး အတိုင်းသား ပါလာပါတယ်။ အဲဒီခေါင်းပြတ်ကြီးကို အာစေးမိနေတဲ့ အောင်ကြီးထဲ ပစ်ပေးလိုက်တဲ့ ခဏမှာတော့ အောင်ကြီးခမျာ ကြောက်အားကြီးလွန်းကာ နှလုံးခုန်ရပ်ပြီး သေဆုံးသွားပါတယ်။
မနက်လင်းမှ ရွာသွားတွေလည်း အောင်ကြီးအလောင်းကို သွားကောက်ပြီး၊ သင်္ဂြိုဟ်မှုတွေ ပြုလုပ်နိုင်တော့တာပါ။ ပြင်စာသုဿန်ဟာ အခုအခါမှာ သီးခြား ကမ္ဘာလေး ဖြစ်နေပါပြီ။ အထူးသဖြင် နေ၀င်ဖြိုးဖြ၊ အကာလ ညအချိန်မှသည်၊ မနက် မိုးသောက်အချိန်အထိပေါ့။

နတ်စည်တော် (Shwemom)

photo : internet

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...