Search
..

ကြက်ဥစိမ်း အရည်နဲ့ စိမ်ပေးလိုက်ရင် ညှို့ဓာတ်အား မြင့်မားလာပြီး ပိုင်ရှင်ကို ပိုမိုခင်တွယ်လာစေတဲ့ ငန်းအကြောင်း

ကြက်ဥစိမ်း အရည်နဲ့ စိမ်ပေးလိုက်ရင် ညှို့ဓာတ်အား မြင့်မားလာပြီး ပိုင်ရှင်ကို ပိုမိုခင်တွယ်လာစေတဲ့ ငန်းအကြောင်း အပြည့်အစုံ

🎗 ငန်းအ​ကြောင်း ၁ က​နေ ၁၁ ထိပြန်​တင်​​ပေးလိုက်​ပါတယ်​ 🎗

ငန်း အကြောင်း ပြောကြစို့ (၁)

ငန်း ဆိုတာ

တစ်ကမ္ဘာလုံးနီးနီးက ဂမ္ဘီရသမားတွေ လက်ခံထားကြတာကတော့ ငန်းဆိုတာ ကမ္ဘောရီးယား(ရှေးအခေါ် ခမာ)ဒေသရဲ့ လောကီအစီအရင်တစ်မျိုး ဆိုတာပါပဲ။ နောက်ထပ် တညီတညွတ်တည်း လက်ခံထားကြတာကတော့ ရှေးဟောင်းငန်းအစစ်တွေဟာ အစွမ်းထက်ကြတယ် ဆိုတာပါပဲ။

ငန်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကလည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပဲ အမျိုးမျိုးပြောဆိုယူဆယုံကြည်ကြတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း internet web site forumတွေမှာ ငန်းအကြောင်းဆွေးနွေးကြတဲ့အခါမှာ အငြင်းအခုံလေးတွေ အမြဲရှိနေတတ်တာပါပဲ။ ဒါကြောင့် ငန်းအကြောင်းပြောတဲ့နေရာမှာ မတူညီတဲ့ယုံကြည်မှုလေးတွေ အမျိုးမျိုး ရှိနေတတ်သေးတယ်ဆိုတာလေးကို ဦးစွာပထမ စကားခံ ထားခဲ့ချင်တာပါ။

ကျွန်တော် လေ့လာတွေ့ရှိသမျှ ကို စုစည်းပြီးတော့ ကျွန်တော့်ယုံကြည်မှုနဲ့ ပေါင်းစပ်ပြီး ပြောသွားမှာဖြစ်ပါတယ်။ ငန်းဆိုတာ ကမ္ဘောရီးယားဒေသ(ခမာ ဒေသ)ရဲ့ ရှေးဟောင်းဟိန္ဒူ တွေ စီရင်ခဲ့ကြတာပါ။ ဟိန္ဒူ နဲ့ ဆက်နွယ်တဲ့ အဆောင်လို့ ဆိုနိုင်ပါတယ်။

ရှေးခေတ်အခါကပေါ့။ အလွန်အစွမ်းရှိတဲ့ ရသေ့ကြီးတစ်ပါးဟာ ငန်းတွေကို စပြီး စီရင်ခဲ့ပါတယ်။ ရသေ့ကြီးက တောတောင်တွေမှာ နေထိုင်နေကြတဲ့ နတ်ငယ်တွေကို မန္တာန်ဂါထာတွေနဲ့ ဆင့်ခေါ်ပြီး စကားပြောဆိုပါတယ်။ အဲလို နတ်ငယ်တွေနဲ့ ရသေ့ကြီးနဲ့ စကားပြောဆိုကြရာမှာ နတ်ငယ်တွေက လက်ရှိဘဝမှာလည်း ပူဇော်ပသမှု ခံယူလိုကြောင်း၊ နောင်ဘဝမှာလည်း ဒီထက်အဆင့်မြင့်တဲ့ နတ်တွေ ဖြစ်လိုကြောင်း ရသေ့ကြီးကို ပြောဆိုလျောက်ထားကြပါတယ်။ ရသေ့ကြီးက နတ်ငယ်တွေကို ” အဲလိုဆိုရင် လူတွေနဲ့ နီးအောင်နေ၊ လူတွေကို ကူညီမစမယ်ဆိုရင် လူတွေရဲ့ ပူဇော်ပသမှုတွေလည်း ရရှိမယ်၊ လူတွေကလည်း သင်တို့ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ပေးတာ အမျှဝေတာတွေ ပြန်လုပ်ပေးကြလိမ့်မယ်၊ အဲဒီအခါမှာ လူတွေကို မှီပြီး ကုသိုလ်ရနိုင်လို့ နောင်ဘဝမှာ ဒီထက်အဆင့်မြင့်တဲ့နတ်တွေ ဖြစ်ကြလိမ့်မယ်” လို့ ပြန်ပြီး ပြောပါသတဲ့။

အဲဒီတော့ နတ်ငယ်တွေကလည်း ရသေ့ကြီးကို “ဒါဆိုရင် ကျွန်တော်တို့ လူတွေနဲ့အတူနေပြီး လူတွေကို ကူညီပါ့မယ်၊ ရသေ့ကြီး တတ်နိုင်ရင် အဲလိုလုပ်လို့ရအောင် ကူညီပေးတော်မူပါ” လို့ ပြောဆိုလျောက်ထားကြတယ်။ အဲဒီအခါ ရသေ့ကြီးက အဖိုးတန်ဂမ္ဘီရအစီအရင်တွေနဲ့ ငန်းရုပ်တွေကို စီရင်ပြီးတော့ အဲဒီနတ်ငယ်တွေကို ငန်းရုပ်တွေမှာ ဂါထာစုပ်ပြီး ထည့်သွင်းပေးလိုက်ပါတော့တယ်။ ဒါကြောင့် ငန်းတွေ စတင်ပေါ်ပေါက်လာတာပါ။ အဲဒီနောက်မှာတော့ ရသေ့ကြီးက သူ့တပည့်သာဝကတွေထဲကို ငန်းတွေ ချီးမြှင့်ပေးပါတယ်။ တပည့်သာဝကတွေကလည်း ငန်းတွေရဲ့ ကူညီမစမှုနဲ့ အဆင်ပြေ၊ ငန်းတွေကလည်း အပူဇော်ခံရ၊ ကုသိုလ်အမျှအတန်းရ နဲ့ ၂ဦး၂ဘက် အဆင်ပြေသွားကြပါတော့တယ်။

အဒါကို မြင်ရ တွေ့ရ သတင်းကြားကြရတဲ့ နောက်ထပ်နတ်ငယ်တွေကလည်း ရသေ့ကြီးကို ထပ်လျောက်ကြသလို၊ ရသေ့ကြီးရဲ့ တပည့်သာဝကတွေကလည်း ငန်းတွေထပ်ထုတ်ဖို့ တောင်းပန်ကြတာကြောင့် ငန်းရုပ်ထုတွေ တဖြည်းဖြည်းနဲ့ များပြားလာပါတော့တယ်။

ငန်းအကြောင်း ပြောကြစို့(၂)

အဦးဆုံးစီရင်ထားသော ငန်းအမျိုးအစားများ

ငန်းတွေကို အဦးဆုံး စတင်စီရင်ခဲ့တဲ့ ရသေ့ကြီးဟာ ငန်းအမျိုးအစား(၄)မျိုးခွဲပြီး စီရင်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ နတ်ငယ်တွေမှာလည်း အဆင့်အတန်းက အမျိုးမျိုးရှိနေလို့ပါ။ ဒါ့အပြင် လူတွေနဲ့ နီးစပ်စေဖို့ ငန်းအဖြစ် စီရင်ပေးတဲ့အခါ နတ်ငယ်တွေမှာလည်း စရိုက်အမျိုးမျိုး ရှိနေတတ်တာဖြစ်လို့ သူတို့ကို ထိန်းကျောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်ရေး တရားစီရင်ရေး စတာတွေအတွက် အဖွဲ့အစည်းတွေ လိုအပ်သလို ငန်းနိုင်ငံ တည်ထောင်ရာမှာလည်း အဲလိုမျိုး အဖွဲ့အစည်းတွေကို ရသေ့ကြီးက စီရင်ပေးခဲ့ရပါတယ်။ ဒါကြောင့် အဦးဆုံးငန်းတွေမှာ ငန်းအမျိုးအစား(၄)မျိုး ခွဲပြီး စီရင်ထုတ်ခဲ့တာပါပဲ။ တန်ခိုးရှင်ရသေ့ကြီး အဦးဆုံးစီရင်ထုတ်လုပ်ခဲ့တဲ့ ငန်းအမျိုးအစား (၄)မျိုးကတော့…

(၁) ဖရာငန်း ခေါ် ငန်းဘုရင်

(၂) အာထန်ငန်း ခေါ် ငန်းဆရာ/ငန်းအမတ်ချုပ်ကြီး

(၃)စနေငန်း ခေါ် မျက်နှာပွင့်ငန်း /ငန်းအရာရှိ

(၄)ဟူဟာလွန်းငန်း ခေါ် ငန်းအရပ်သား ….. တို့ ဖြစ်ပါတယ်

ငန်းအကြောင်း ပြောကြစို့(၃)

(၁) ဖရာငန်း

ဖရာငန်းဆိုတာ ငန်းတွေအားလုံးကို အုပ်ချုပ်ဖို့ စီရင်ခဲ့တဲ့ ငန်းဘုရင်တွေ ဖြစ်ပါတယ်။ ငန်းဘုရင်ဆိုတဲ့အတိုင်း ဖရာငန်းဟာ ငန်းအုပ်စုမှာ အဆင့်အမြင့်ဆုံးငန်းပါ။ ဖရာငန်းက ငန်းအားလုံးရဲ့ အချုပ်ငန်းပေါ့။ ဖရာငန်းရှိနေရင် အခြားငန်းတွေ ထပ်ထပ်ရောက်လာတတ်ပါတယ်။ ရှင်ဘုရင်ငန်းဖြစ်လို့ ယဉ်ကျေးသိမ်မွေ့ပါတယ်။ ဖရာငန်းက သူ့ကိုပူဇော်ပသ ဆောင်ထားသူကို လာဘ်လာဘတိုးတက်အောင်၊ အခြံအရံပေါများအောင်၊ ရာထူးနေရာကောင်းရအောင်၊ လူချစ်လူခင်များအောင်၊ ဘေးအန္တရာယ်ကင်းအောင်၊ အလုပ်အကိုင်အခွင့်လမ်းကောင်းတွေရအောင်၊ ဥာဏ်ပညာတိုးပွားအောင်၊ ဘုန်းကံမြင့်အောင်၊ တည်ငြိမ်အေးချမ်းသာယာအောင် စောင့်ရှောက်ပေးတတ်ပါတယ်။

ဖရာငန်း မျက်နှာတော်ကိုက ချောမောလှပခန့်ငြားပြီး တည်ငြိမ်အေးချမ်းတဲ့အသွင်ကို ဆောင်နေပါတယ်။ မြင့်မြတ်တဲ့ငန်းမျိုးဖြစ်လို့ နိမ့်ကျတဲ့အရာ ယုတ်ညံ့တဲ့အရာတွေကို မကြိုက်ပါဘူး။ နိမ့်ကျတဲ့ကိစ္စတွေ ယုတ်ညံ့တဲ့ကိစ္စတွေကိုလည်း မကူညီပေးပါဘူး။ ယုတ်ညံ့တဲ့ကိစ္စတွေမှာ သုံးမိရင် ပိုင်ရှင်ဆီကနေ အလိုလို ထွက်သွားတာ ပျောက်သွားတာ ဖြစ်တတ်ပါတယ်။ ဒါတင်မကပါဘူး၊ ပိုင်ရှင်တစ်ဦးကို ကူညီမစပေးပြီးလို့ သူ့ပိုင်ရှင်က ပြည့်စုံသွားပြီဆိုရင်လည်း ထွက်သွားတာ၊ ပျောက်သွားတာ ဖြစ်တတ်ပြီး၊ အခြားပိုင်ရှင်ဆီကို ရောက်သွားတာလည်း ဖြစ်တတ်ပါတယ်။

ငန်းဘုရင်ဆိုတဲ့အတိုင်း ဖရာငန်းကို အခြားငန်းတွေ မလှန်ဝံ့ပါဘူး၊ ဖရာငန်းပိုင်ရှင်ကို အခြားငန်းနဲ့ တစ်ခုခု လုပ်ခိုင်းလို့ မရပါဘူး။ ဖရာငန်းက ငန်းထဲမှာ အကြီးဆုံး ငန်းအချုပ် ဘုရင်ငန်းပါပဲ။

အလွန်ရှားပါးလွန်းပြီး အရမ်းအဖိုးတန်တဲ့အပြင် ငွေရှိတိုင်း ဝယ်လို့မရဘဲ ထိုက်မှရတဲ့ ငန်းမျိုးပါ။ အလွန်ကုသိုလ်ထူးသူ၊ ပဌာန်းဆက်ရှိသူတွေမှ ပိုင်ဆိုင်ရတာပါ။ ဖရာငန်းတွေဟာ နှစ်ပေါင်းတစ်ထောင်ခန့်သက်တမ်းရှိလောက်ပြီလို့တောင် ငန်းပညာရှင်တွေက ခန့်မှန်းကြပါတယ်။

သူနဲ့ခေတ်ပြိုင် ငန်းတွေ အဆူထောင်သောင်းမှာမှ ဖရာငန်းတစ်ဆူလောက်ပဲ ပါတာပါ။

ဒါကြောင့် ဖရာငန်းဆိုတာ အလွန်ရှားပါးအဖိုးတန်တာပေါ့

ငန်းအကြောင်း ပြောကြစို့(၄)

အာထန်ငန်း

အာထန်ငန်းကလည်း ဖရာငန်းနဲ့ တစ်ခေတ်တည်းထွက်လာတဲ့ ငန်းတွေပါပဲ။ အာထန်ငန်းကတော့ ငန်းဆရာကြီး / ငန်းအမတ်ချုပ်ကြီးပါ။ တန်ခိုးရှင်ရသေ့ကြီးက အာထန်ငန်းကို အခြားငန်းငယ်တွေအပေါ်မှာ ခပ်ကြမ်းကြမ်း အုပ်ချုပ်ထိန်းသိမ်းဖို့ စီရင်ထုတ်လုပ်ခဲ့တာပါ။ အာထန်ငန်းက အလွန်အာဏာစက်ပြင်းထန်တဲ့ ငန်းမျိုးပါ။ အာထန်ငန်းက ဖရာငန်းတွေကို ခစားကူညီပေးပြီး အခြားငန်းငယ်တွေအပေါ်မှာ အုပ်ချုပ်ထိန်းသိမ်းပေးရတာပါပဲ။ အာထန်ငန်းကို အခြားငန်းငယ်တွေက မော်မကြည့်ရဲလောက်အောင် ကြောက်ကြရပါတယ်။ အာထန်ငန်းက ဖရာငန်းနဲ့ မတူတဲ့အချက်ကတော့ အေးဆေးတဲ့ငန်းမျိုးမဟုတ်ဘဲ ကြမ်းတမ်းတဲ့ ငန်းမျိုးပါ။

ဒါကြောင့် အာထန်ငန်းရဲ့ မျက်နှာတော်က ခက်ထန်တဲ့အသွင်ဆောင်ပြီး ခန့်ငြားနေတာပါ။ အာထန်ငန်းရဲ့ မျက်နှာတော်က ဆရာတစ်ဆူလို မျက်နှာထားမျိုးပါပဲ။ အာထန်လည်း မြင့်မြတ်တဲ့ ငန်းမျိုးဖြစ်လို့ နိမ့်ကျယုတ်ညံ့တဲ့ကိစ္စတွေကို မကြိုက်ပါဘူး။ နိမ့်ကျယုတ်ညံ့တဲ့ကိစ္စတွေမှာသုံးရင် ပိုင်ရှင်ကို စွန့်ခွာထွက်သွားတာ၊ အလိုလိုပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အာထန်ငန်းက သစ္စာရှိပြီး ကတိတည်တဲ့ငန်းမျိုးဖြစ်လို့ သစ္စာမရှိကတိမတည်တဲ့ ပိုင်ရှင်ဆိုရင် မကြိုက်ပါဘူး။ သစ္စာမရှိကတိမတည်တဲ့ ပိုင်ရှင်ဆီမှာဆိုရင် ကြာကြာမနေပဲ စွန့်ခွာထွက်သွားတာ၊ အလိုလိုပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာထန်ငန်းပိုင်ရှင်က အာထန်ငန်းကို ကတိတစ်ခုခု ပေးမိရင် ပေးတဲ့ကတိကို တည်အောင် မဖြစ်မနေ လုပ်ပေးရပါတယ်။ မေ့လျော့ပေါ့ဆပြီး ပေးထားတဲ့ကတိအတိုင်း မလုပ်ပေးရင် အာထန်က ပိုင်ရှင်ဆီကနေ ထွက်သွားဖို့ များပါပြီ။

အာထန်ငန်းက ငန်းအမတ်ချုပ်ဆရာကြီးဖြစ်တဲ့အတွက် သူ့ပိုင်ရှင်ကို အာဏာစက်ကောင်းအောင်၊ တန်ခိုးသြဇာကြီးမားအောင်၊ ပြောသမျှဆိုသမျှ အောင်မြင်အောင်၊ ဘေးအန္တရာယ်ကင်းအောင်၊ အတိုက်အခိုက်အနှောက်အယှက်ကင်းအောင်၊ စီးပွားလာဘ်လာဘတိုးတက်အောင်၊ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါအောင်၊ အသိပညာတိုးပွားအောင်၊ မိတ်ကောင်းဆွေကောင်းတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာအောင် စောင့်ရှောက်ကူညီမစ တတ်ပါတယ်။ ဖရာငန်းနဲ့ မတူတာကတော့ အာထန်က ဖရာငန်းလို အေးချမ်းတာမျိုး မရှိဘဲ စိတ်ကြမ်းတဲ့ငန်း ဖြစ်တာကြောင့် အာထန်ပိုင်ရှင်တွေဟာ စိတ်ထက်ပြီး စိတ်မြန်လက်မြန် ဖြစ်လာတတ်ပါတယ်။

အာထန်ငန်းက အာဏာစက်ပြင်းပြီး စိတ်ထက်တဲ့ငန်းဖြစ်လို့ တိုင်တည်ကတိပေးပြီး အကူအညီတောင်းရင် ထူးခြားစွာအောင်မြင်အောင် ဆောင်ရွက်ပေးတတ်ပါသေးတယ်။ အာထန်ငန်းကို အရက်အကောင်းစားတိုက်ပါမယ်တို့ ဘယ်လိုအကောင်းစား အစားအသောက်မျိုးတွေနဲ့ တည်ခင်းကျွေးမွေးပါမယ်တို့ ကတိပေးတိုင်တည်ပြီး အကြွေးတောင်းပေးဖို့ အကူအညီတောင်းတာ၊ အပြောအဆိုအောင်မြင်အောင် အကူအညီတောင်းတာမျိုး ဆိုရင် ထူးခြားသိသာလောက်အောင် အစွမ်းပြတတ်ပါတယ်။ ဒါကတော့ အခြားငန်းတွေနဲ့မတူတဲ့ အာထန်ငန်းရဲ့ ထူးခြားမှုပါပဲ။

အာထန်ငန်းကလည်း ငန်းအမတ်ချုပ်ဆရာကြီးဖြစ်လို့ အာထန်ငန်းပိုင်ရှင်ကို အခြားငန်းငယ်များနဲ့ စေစားလို့ မရနိုင်ပါဘူး။ အာထန်ငန်းရှိနေရင်လည်း အခြားငန်းငယ်တွေ အလိုလို ရောက်လာတတ်ပါတယ်။ အာထန်ငန်းက အခြားငန်းတွေကို ခေါ်ယူပေးတတ်ပါတယ်။ အာထန်ငန်းက သူ့အပေါ်သေချာပူဇော်ပသပေးပြီး သူ့အပေါ်မှာကတိတည်တဲ့ပိုင်ရှင်ဆိုရင် ဖရာငန်းကိုတောင် ပင့်ဆောင်လာပေးနိုင်ပါတယ်။

အာထန်ငန်းက ငန်းတွေထဲမှာ အလွန်အာဏာစက်ပြင်းတဲ့ ငန်းပါပဲ။

ငန်းအကြောင်း ပြောကြစို့(၅)

ငန်းစနေ မိကစ်

ငန်းစနေ မိကစ် ကတာ့ အရာရှိငန်း ဖြစ်ပါတယ်။ စနေ ဆိုတာက သက္ကတဘာသာစကား Sneha(စနေးဟ်)ဆိုတဲ့စကားက လာတာဖြစ်ပြီး ချစ်ခင်မြတ်နိုးခြင်း၊ စွဲလမ်းငြိတွယ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်တဲ့။ ပါဠိလိုကတော့ “သိနေဟ” လို့ ဆိုပါတယ်။ ငန်းစနေကတော့ မျက်နှာပွင့်ငန်း ဖြစ်ပါတယ်။ ငန်းစနေ မိကစ်နဲ့ ဟူဟာလွန်းငန်းတွေဟာ အဦးဆုံးစီရင်ထုတ်လုပ်လိုက်တဲ့ ငန်းအုပ်စုမှာ အရေအတွက်အများဆုံး ငန်းမျိုးများ ဖြစ်ပါတယ်။

မျက်နှာပွင့်ငန်းဆိုတဲ့အတိုင်း စနေငန်းက ငန်းပိုင်ရှင်ကို လူချစ်လူခင်များအောင်၊ အချစ်ရေးကိစ္စ အဆင်ပြေအောင်၊ အိမ်ထောင်ရေး သာယာအောင်၊ အရောင်းအဝယ်ပွင့်လန်းအောင်၊ လုပ်ငန်းကိုင်ငန်းတိုးတက်အောင် ကူညီဆောင်မပေးတတ်ပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ်ကင်းရှင်းအောင်၊ သွားလမ်းလာလမ်းဖြောင့်ဖြူးးအောင်လည်း စောင့်ရှောက်ပေးပါတယ်။ အချစ်ရေးနဲ့ပတ်သက်လို့ အထူးကူညီပေးတတ်တဲ့ ငန်းမျိုးပါပဲ။

ငန်းစနေဟာ ငန်းငယ်ဖြစ်လို့ ငန်းပိုင်ရှင်ကို တက်တက်ကြွကြွ ကူညီတတ်တဲ့အပြင် မျက်နှာပွင့်ဓာတ်ရှိတာကြောင့်လည်း ငန်းဝါသနာရှင်တွေ နှစ်သက်ချစ်ခင်ကြတဲ့ ငန်းမျိုးပါပဲ။ ငန်းစနေကို ဆောင်ထားသူများမှာ ထူးခြားမှုတွေလည်း မကြာခဏ ကြုံရတတ်ပါတယ်။ တန်ခိုးပြလွယ်တဲ့ ငန်းမျိုးဖြစ်ပါတယ်။ ငန်းဆိုတာ တစ်ဆူတည်းဆောင်ထားလို့လည်း ရပါတယ်။ ဒါပေမယ့် ငန်းတွေရဲ့သဘောက အဖော်အပေါင်းနဲ့ နေရတာကို ပိုသဘောကျတတ်တဲ့အတွက် ငန်းတစ်ဆူကို ကောင်းကောင်းပူဇော်ပသထားရင် အခြားငန်းတွေပါ ထပ်ရောက်လာလေ့ ရှိကြတာ သဘာဝပါပဲ။ ငန်းစနေကလည်း ဒီလိုသဘာဝ ရှိတာကြောင့် ငန်းစနေပိုင်ရှင်ဟာ အခြားငန်းတွေ ထပ်ရတတ်ပါတယ်။ အထူးသဖြင့် ငန်းငယ်မျိုးတွေ အုပ်စုလိုက် ဝင်လာတတ်ပါသေးတယ်။

ငန်းစနေကတော့ အေးဆေးတာလည်းရှိသလို ကြမ်းတာလည်း ရှိပါတယ်။ ငန်းစနေမိကစ်လို့ ခေါ်တဲ့ ထိပ်ချွန်ငန်းစနေ နဲ့ ဟူဟာလွန်းငန်းကတုံးကို တွဲလျက်ဆောင်တတ်ကြပါတယ်။ ငန်းဝါသနာရှင်တွေက မိကစ်နဲ့ ဟူဟာလွန်းကို တွဲပြီး ငန်းတစ်စုံလို့ ခေါ်လေ့ရှိပါတယ်။ ဆောင်လေ့ဆောင်ထ ရှိတဲ့သဘောကို ပြောတာသာ ဖြစ်ပါတယ်။ တစ်ဆူတည်းဆောင်လို့လည်း ရပါတယ်။ မျက်နှာပွင့်လန်းပြီး အချစ်ရေးအဆင်ပြေစေလို့ လူငယ်တွေနဲ့ အထူးသင့်လျော်တဲ့ ငန်းမျိုးပါ။

လာဘ်ပွင့် ကံပွင့် စန်းပွင့် အပွင့်ဓာတ် ငန်းပါပဲ။

ငန်းအကြောင်း ပြောကြစို့(၆)

ငန်းဟူဟာလွန်း

ငန်းအကြောင်းထဲမှာ ဟူဟာလွန်းလို့ခေါ်တဲ့ ငန်းကတုံးက ပြောရတာ အကျယ်ပြန့်ဆုံးပါပဲ။

ဒါပေမယ့် အတတ်နိုင်ဆုံး နားလည်လွယ်အောင် ကြိုးစားပြောပေးပါမယ်။ ငန်းအမျိုးအစားမှန်သမျှမှာ ထိပ်ချွန်ပါရင် မိကစ်လို့ ခေါ်ပါတယ်။ ကတုံးနဲ့ဆိုရင် ဟူဟာလွန်းလို့ ခေါ်ပါတယ်။ ထိပ်ချွန်ပါတာက ရာထူးရပြီးသားဆိုတဲ့ သဘောပါ။ ဖရာငန်း ထိပ်ချွန်ပါရင် ငန်းဘုရင်ကြီးရာထူးရပြီးသားပေါ့။ အဲလိုပဲ အာထန် ထိပ်ချွန်ပါတယ်ဆိုရင် ငန်းအမတ်ချုပ်ဆရာကြီး ရာထူးရပြီးသားပေါ့လေ။ စနေထိပ်ချွန်ဆိုရင် ငန်းအရာရှိ ရာထူးရပြီးသားပေါ့လေ။

ဟူဟာလွန်းကျတော့ သူက အရပ်သားလို့ အလွယ်ပြောကြပါတယ်။အရပ်သားဆိုပေမယ့်လည်း သာမန်အရပ်သားမဟုတ်ဘဲ အလောင်းအလျာအဖြစ် ရာထားခံရသူတွေပါ။ စနေငန်း ဟူဟာလွန်းဆိုရင် ငန်းအရာရှိအဖြစ် ရာထားခံရတဲ့ အရာရှိလောင်းပေါ့။ အလုပ်သင်အရာရှိလို့ ပြောရမှာပါပဲ။ ငန်းအမျိုးအစားတိုင်းမှာ ဟူဟာလွန်း ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။ ဖရာငန်းဟူဟာလွန်း ဆိုရင် ဘုရင်အဖြစ်ရာထားခံရတဲ့ ရှင်ဘုရင်လောင်း(မင်းလောင်း)ပေါ့။ အာထန်ဟူဟာလွန်းဆိုရင် အမတ်ချုပ်ကြီးအလောင်းအလျာ ပေါ့လေ။ ဒီလိုမျိုး မှတ်ယူရပါမယ်။

ရှေးခေတ် အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူ ယဉ်ကျေးမှုမှာ ပညာသင်ကြားရဖို့အတွက် ရသေ့တွေရဲ့ကျောင်းသင်္ခန်းကို ပို့ရပါတယ်။ ရသေ့တွေဆီမှာ ဖိုးသူတော်ဝတ်ပြီး နေရပါတယ်။ ပညာသင်ယူမယ့်ကျောင်းသားဟာ ရသေ့တွေဆီမှာ ဖိုးသူတော်ဝတ်နဲ့နေပြီး ဝတ်ကြီးဝတ်ငယ်ပြုစုကာ ပညာသင်ယူပါတယ်။ ရှင်ဘုရင့်သား အမတ်ချုပ်ကြီးသား အရာရှိကြီးသား သူဌေးသား ဆင်းရဲသား ဘယ်သူမဆို ပညာသင်ဖို့အတွက် ရသေ့ကြီးတွေဆီကိုပဲ ပို့ပေးပြီး ဖိုးသူတော်ဝတ်ခိုင်းရပါတယ်။ ဒါက ရှေးခေတ်အိန္ဒိယရဲ့ ယဉ်ကျေးမှုပါပဲ။

ရသေ့ကြီးတွေရဲ့ ကျောင်းသင်္ခန်းကို ရောက်တဲ့အခါ ရသေ့ကြီးတွေက ကျောင်းသားဖိုးသူတော်တွေကို သူတို့အဆင့်အလိုက် တတ်အပ်တဲ့ပညာတွေ သင်ပေးပါတယ်။ ဘုရင့်သားဆိုရင် ရှင်ဘုရင်လောင်းဖြစ်လို့ ရှင်ဘုရင်တွေ တတ်အပ်တဲ့ပညာကို သင်ပေးတယ်။ အမတ်ချုပ်သားဆို အမတ်ချုပ်လောင်းလျာဖြစ်လို့ အမတ်ချုပ်တွေတတ်အပ်တဲ့ပညာ စုံအောင်သင်ပေးတယ်။ အရာရှိကြီးသားဆိုရင် အရာရှိလောင်းဖြစ်လို့ အရာရှိတွေ တတ်ရမယ့်ပညာကိုပေးတယ်။ သူဌေးသားတွေ သာမန်ပြည်သူတွေကိုတော့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို ဘဝရပ်တည်ဖို့အတွက် အဓိကထားပြီး သင်ပေးကြပါတယ်။

အဲလို ဖိုးသူတော်ဝတ်နဲ့ပညာသင်ပြီးလို့ ပညာစုံပြီဆိုရင် လူဝတ်လဲပြီး ဆံပင်အရှည်ထားလို့ ဆံထုံး(သျှောင်ထုံး)ထုံးကြရပါတယ်။ ဒီလိုသျှောင်ထုံးရပြီဆိုမှ ခုခေတ်လိုဆို ဘွဲ့ရပညာတတ်ဖြစ်ပြီပေါ့လေ။ ဆံပင်သျှောင်ထုံးလို့ အလွယ်ပြောပေမယ့် စာပေသင်ကြားမထားသူ ထုံးရတဲ့သျှောင်ထုံးနဲ့ စာတတ်ပေတတ်တွေ ထုံးရတဲ့သျှောင်ထုံးက ထုံးဖွဲ့ပုံ မတူရပါဘူး။ ဒါဟာ အိန္ဒိယနိုင်ငံမှာ အဲဒီခေတ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ စည်းကမ်းပဲ ဖြစ်ပါတယ်။ အဲလို ပညာတတ်သျှောင်ထုံး စတင်ထုံးဖွဲ့တာကို အခမ်းအနားနဲ့တောင် ကြီးကြီးကျယ်ကျယ် ကျင်းပကြပါတယ်။ အခုခေတ် ဘွဲ့နှင်းသဘင်မှာ ဘွဲ့တက်ယူရသလိုပေါ့လေ။

ပညာစုံလို့ ဖိုးသူတော်ဝတ်ကနေ လူထွက်ပြီးတော့ ဆံပင်ဆံထုံး ထုံးလောက်အောင် မရှည်သေးသ၍အထိ ရသေ့ကြီးတွေရဲ့ကျောင်းသင်္ခန်းမှာပဲ လူဝတ်နဲ့ ဆက်နေရပြီး ရသေ့ကြီးတွေက ကျောင်းသားသစ်တွေကို ပညာသင်ကြားရာမှာ ကူညီပေးရင်း လက်တွေ့ဆက်လက်လေ့ကျင့်နေရပါတယ်။ ဟူဟာလွန်းငန်းက အဲလိုအဆင့်ပါ။ ပြောရရင် အရာရှိလောင်း အမတ်ချုပ်လောင်း မင်းလောင်း ပေါ့လေ။

ငန်းအမျိုးအစားတစ်ခုမှာ မိကစ်ခေါ်တဲ့ ထိပ်ချွန်နဲ့ ဟူဟာလွန်းခေါ်တဲ့ ကတုံးက အစွမ်သတ္တိ အတူတူပါပဲ။ ရာထူးမရသေးခင်နဲ့ ရာထူးရပြီး ဆိုတာလောက်ပဲ ကွာတာပါ။ ငန်းဝါသနာရှင်အချို့က ထိပ်ချွန်မိကစ်ကို ရာထူးရပြီးသားဆိုပြီး ပိုသဘောကျတာ ရှိသလို အချို့က ကြတော့လည်း ကတုံးဟူဟာလွန်းကို အလောင်းအလျာတွေက ပိုတက်ကြွပြီး အလုပ်ပိုလုပ်ကြတယ်ဆိုပြီး သဘောကျတာလည်း ရှိပါတယ်။ ဒါတွေက ငန်းပညာရှင်တစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့သာ သက်ဆိုင်တာဖြစ်ပြီး တကယ့်သဘောတရားမှာတော့ ထိပ်ချွန်မိကစ်နဲ့ ကတုံးဟူဟာလွန်းက အစွမ်းသတ္တိ အတူတူပါပဲ။ အမျိုးအစားတူတဲ့ ထိပ်ချွန်မိကစ်နဲ့ ကတုံးဟူဟာလွန်း ကို တွဲလျက် ငန်းတစ်စုံဆိုပြီး ဆောင်ရတာကို ပိုသဘောကျ ကြပါတယ်။

ဒါကြောင့် ငန်းအမျိုးအစားတိုင်းမှာ ထိပ်ချွန်မိကစ်ရှိရင် ကတုံးဟူဟာလွန်းလည်း ရှိမယ်လို့ ယူဆရပါမယ်။ ဒါပေမယ့် တကယ်လက်တွေ့ ငန်းစုဆောင်းတဲ့အခါ ပထမဦးဆုံးထုတ်တဲ့ ငန်းအမျိုးအစားတွေထဲမှာ ငန်းအရာရှိဖြစ်တဲ့ စနေငန်းလို့ခေါ်တဲ့ မျက်နှာပွင့်ငန်းမှာပဲ ဟူဟာလွန်းကတုံးကို တွေ့ရတတ်ပါတယ်။ ငန်းဘုရင်ဖရာငန်း နဲ့ ငန်းအမတ်ချုပ်ဆရာကြီးအာထန်ငန်းတွေမှာ ကတုံးဟူဟာလွန်းပုံစံဟာ မတွေ့ရသလောက်ကို ရှားပါးကြပါတယ်။ ဒါကြောင့် အချို့ငန်းဝါသနာရှင်တွေဟာ ဖရာငန်းနဲ့ အာထန်ငန်းမျိုးတွေရဲ့ ကတုံးဟူဟာလွန်းပုံစံကို တွေ့များတွေ့ရလေမလားလို့ အလွန်ကြိုးစားပန်းစားနဲ့ လိုက်ရှာနေကြတာလည်း ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ငန်းအကြီးတွေကို ထိပ်ချွန်မိကစ်ပုံစံနဲ့ ကတုံးဟူဟာလွန်းပုံစံ တွဲလျက် အစုံလိုက် လိုချင်ကြတဲ့ သဘောပါပဲ။

အချို့လူတွေက ထိပ်ချွန်မိကစ်ပုံစံကို ငန်းအမျိုးသား၊ ကတုံးဟူဟာလွန်းပုံစံကို ငန်းအမျိုးသမီးလို့ ယူဆနေကြတာတွေလည်း ရှိကြပါသေးတယ်။ ကျွန်တော့်အယူအဆကတော့ ဟူဟာလွန်းကို အမျိုးသမီးလို့ လုံးဝ လက်မခံပါဘူး။ ရှေးခေတ်အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောရီးယား၊ မြန်မာ ဘယ်နိုင်ငံက အမျိုးသမီးမှ ကတုံးနဲ့နေတယ်လို့ မကြားဖူးပါဘူး။ နောက်ပြီး ရသေ့အစဉ်အဆက် ဆရာအစဉ်အဆက်ကလည်း ငန်းကို အမျိုးသားအဖြစ်သာ စီရင်ခဲ့ကြတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ အမျိုးသမီးငန်းဆိုတာ မရှိပါဘူးလို့သာ ယူဆပါတယ်။

အချုပ်ပြောရရင်တော့ ငန်းအမျိုးအစားတိုင်းမှာ ဟူဟာလွန်းလို့ခေါ်တဲ့ ကတုံးပုံစံ ရှိနေနိုင်ပြီးတော့ ကတုံးပုံစံနဲ့ ထိပ်ချွန်ပုံစံဟာ အစွမ်းသတ္တိအတူတူသာ ဖြစ်ပါကြောင်း……

ငန်းအကြောင်း ပြောကြစို့(၇)

ဒုတိယထုတ်သော ငန်းများ

ဒုတိယထုတ်တဲ့ ငန်းတွေကတော့ စဘတ်နားငန်းလို့ ခေါ်ပါတယ်။

ငန်းငယ်တွေ အတော်များလာတဲ့အခါ ပထမထုတ်ထားတဲ့ ငန်းအကြီးအကဲ အရေအတွက်နည်းလွန်းနေတဲ့အတွက် ငန်းငယ်တွေကို ထိမ်းလို့ မအုပ်မိမှာ ရသေ့ကြီးတွေ စိုးရိမ်လာကြတယ်။ ဒါကြောင့် ပထမဦးဆုံးငန်းအုပ်စုပေါ်လာပြီး မရှေးမနှောင်း မကြာခင်လေးမှာပဲ နောက်ထပ်ရသေ့ကြီးတစ်ပါးက နတ်တွေကို ဂါထာမန္တာန်နဲ့ ဆင့်ခေါ်တိုင်ပင်ပြီး ငန်းအကြီးအကဲတွေ ထပ်ထုတ်ဖို့ စီစဉ်ပါတယ်။ ပထမတစ်ခါ စီရင်ထုတ်လုပ်ခဲ့သလိုပဲ နတ်တွေနဲ့ သဘောတူညီမှု ရယူပြီးတော့ စဘတ်နားငန်းမျိုးတွေကို စီရင်ထုတ်လုပ်ခဲ့တာပါပဲ။

စဘတ်နားငန်းဟာ ဒုတိယထုတ်တဲ့ငန်း ဆိုပေမယ့် ပထမဦးဆုံးငန်းအုပ်စုနဲ့ ကပ်လျက် ဆက်တိုက်ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သက်တမ်းအားဖြင့် အနည်းငယ်သာ နောက်ကျတာဖြစ်လို့ ခေတ်ပြိုင်လို့တောင် ဆိုလို့ရမလို အနေအထားမျိုးပါ။ စဘတ်နားငန်း ဆိုတဲ့အဓိပ္ပာယ်ကတော့ ခေါင်းလေး အသာအယာ ခါပြနေတဲ့ဟန် ရှိတယ်လို့ ဆိုလိုတာပါ။ အိန္ဒိယသားတွေက သူတို့ သဘောကျရင် ထောက်ခံခွင့်ပြုရင် ခေါင်းလေးတစ်ခါခါလုပ်ပြတတ်တာ ယနေ့ခေတ်ထိပါပဲ။ ခုခေတ်စကားနဲ့ဆိုရင်တော့ သူတို့ ခေါင်းခါပြတာက “အိုကေ” တယ်လို့ ပြောချင်တာပေါ့လေ။ ဒါကြောင့် စဘတ်နားငန်းကို ခေတ်ဆန်ဆန်ခေါ်မယ်ဆိုရင် “ငန်းအိုကေ” လို့ ပြောရမှာပါပဲ။

စဘတ်နားငန်းကို ထပ်စီရင်ထုတ်လုပ်တဲ့ အရေအတွက်ကလည်း အရမ်းနည်းပြီး တစ်ကြိမ်တစ်ခါတည်းသာ စီရင်ထုတ်လုပ်လိုက်တာ ဖြစ်လို့ အလွန်ရှားပါးတဲ့ ငန်းမျိုးပဲ ဖြစ်ပါတယ်။ စဘတ်နားငန်းရဲ့ ထူးခြားချက်နောက်တစ်ခုကတော့ စဘတ်နားငန်းရုပ်တုကိုစီရင်ရာမှာ ရွှေသားတို့ ငွေသားတို့လို အဖိုးတန်သတ္ထု တွေ အများအပြား ထည့်စီရင်ခဲ့တာပါပဲ။ ဒါကြောင့် စဘတ်နားငန်းမျိုးက အခြားငန်းမျိုးတွေနဲ့ အသားအရောင် သိသိသာသာ ကွဲပြားနေတတ်ပါတယ်။ စဘတ်နားငန်းကလည်း ဖရာငန်းလိုပဲ ရှားပါးပြီး အဖိုးတန်လွန်းတဲ့ ငန်းပါ။ စဘတ်နားငန်းကို ရွှေရောင်နဲ့ ငွေရောင် အမျိုးအစား၂မျိုး စီရင်ထုတ်လုပ်ခဲ့ပါတယ်။

စဘတ်နားငန်းမှာ ရိုးရိုးမျက်စိ မျက်စိနီနဲ့ မျက်စိစိမ်းဆိုပြီး ၃မျိုးပဲ ရှိပါတယ်။ ရိုးရိုးမျက်စိနဲ့ စဘတ်နားကတော့ ဖရာငန်းအစား စီရင်ထုတ်လုပ်လိုက်တဲ့ ဒုတိယထုတ် ငန်းဘုရင်ပါပဲ။ မျက်စိနီနဲ့ မျက်စိစိမ်းတွေကတော့ အာထန်ငန်းအစား စီရင်ထုတ်လုပ်လိုက်တဲ့ ဒုတိယထုတ် ငန်းအမတ်ချုပ်ဆရာကြီး ပါပဲ။ မျက်စိနီကို စဘတ်နား တာဒင် လို့ခေါ်ပြီး မျက်စိစိမ်းကိုတော့ စဘတ်နား တာခီရို လို့ခေါ်ကြပါတယ်။ ရိုးရိုးမျက်စိက ဖရာငန်းအစား ထပ်ထုတ်တာဖြစ်လို့ အစွမ်းသတ္တိက ဖရာငန်းလိုပဲဖြစ်ပြီး မျက်စိနီမျက်စိစိမ်းတွေကတော့ အာထန်အစား ထပ်ထုတ်တာဖြစ်လို့ အစွမ်းသတ္တိက အာထန်လိုပဲ ဖြစ်ပါတယ်၊ ဒါ့အပြင် မျက်စိနီ မျက်စိစိမ်းတွေက အာထန်လိုကြမ်းပြီး ဖရာငန်းလို တန်ခိုးကြီးတယ်လို့ ယူဆကြတဲ့အပြင် အာထန်ထက် ပိုရှားပါးတဲ့အတွက် ပိုရှာလို့ ခက်ပါတယ်။

စဘတ်နားငန်းမှာလည်း အပြင်မှာ တစ်ခါမှမတွေ့ဘူးမကြားဘူးလောက်အောင်ကို ရှားရှားပါးပါး ဟူဟာလွန်းကတုံးပုံစံ web siteတစ်ခုမှာ တွေ့ခဲ့ရတဲ့အတွက် ဗဟုသုတအဖြစ် ဓာတ်ပုံဖော်ပြပေးလိုက်ပါတယ်။ စဘတ်နားငန်းကတော့ ငန်းငယ်မျိုးတွေများပြားလာတဲ့အခါ ပထမထုတ်တဲ့ဖရာငန်းအရေအတွက် နည်းပါးလွန်းလို့ ငန်းတွေကို ထိန်းသိမ်းရအောင် ဖရာငန်းအစား ထပ်ထုတ်ရတာ ဖြစ်တာကြောင့် စဘတ်နားငန်းအုပ်စုမှာ ငန်းငယ်မျိုးတွေ မပါဝင်ပါ။

အချုပ်ဆိုရရင်တော့ စဘတ်နားငန်းဟာ ဖရာငန်းအစား ထပ်တိုးထုတ်ပေးရတဲ့ ငန်းဘုရင်တွေပါပဲ၊

ငန်းအကြောင်း ပြောကြစို့(၈)

တတိယခေတ် ငန်းများ

တတိယခေတ်မှာ ထပ်ပြီး စီရင်ထုတ်လုပ်လာကြတဲ့ ငန်းတွေမှာတော့ အဓိကအားဖြင့် အုပ်စုကြီး(၂)ခုသာ ရှိပါတယ်။

(၁)နားကုပ် တာထုန်ဒင် ငန်း လို့ခေါ်တဲ့ ဖားမျက်နာ ကြေးနီမျက်စိ ငန်း နဲ့

(၂) နဘူ ငန်း ……တို့ပဲ ဖြစ်ပါတယ်။

နားကုပ် တာထုန်ဒင် ဆိုတာကတော့ – နားကုပ် ဆိုတာ ဖားမျက်နှာ လို့ အဓိပ္ပာယ်ရပြီး တာ ဆိုတာကတော့ မျက်စိ၊ ထုန် ဆိုတာက ကြေးသား၊ ဒင် ဆိုတာကတော့ အနီရောင်ပါ။ ဖားမျက်နှာ ကြေးနီမျက်စိ ငန်းလို့ ပြောရမှာပါပဲ။ ဒါပေမယ့် အလွယ်ခေါ်ရင် ငန်းတာဒင် လို့ပဲ အခေါ်များပါတယ်။ ငန်းတာဒင်ဆိုတာကတော့ မျက်စိနီ ငန်းပေါ့လေ။ တကယ်ကတော့ တာဒင်မျက်စိနီငန်းမှာ ကြေးနီမျက်စိ နဲ့ ကျောက်မျက်စိ ဆိုပြီး(၂)မျိုးရှိရာ ကျောက်မျက်စိက နောက်တစ်ခေတ်မှာမှ ထုတ်တဲ့ငန်းဖြစ်ပါတယ်။

ဒုတိယခေတ် ငန်းစဘတ်နားတို့ စီရင်ထွက်ပေါ်လာပြီးနောက်မှာ ငန်းအဆောင်တွေဟာ အလွန်နာမည်ကျော်ကြားနေပြီး ဖြစ်ပါတော့တယ်။ လူတွေကလည်း ငန်းတွေရဲ့ စောင်မမှုကြောင့် အဆင်ပြေကြပြီး ငန်းတွေကလည်း လူတွေရဲ့ ပူဇော်ပသမှုကို ခံရယုံသာမက သူတို့အတွက်ရည်စူးပြီး ကုသိုလ်ပြု အမျှဝေပေးတာမျိုးတွေပါ ရရှိလာလို့ ငန်းရော ငန်းပိုင်ရှင်တွေပါ နှစ်ဦးနှစ်ဘက် အဆင်ပြေနေကြပြီပေါ့။ ဒါကြောင့် နတ်ငယ်တွေထဲမှာ ပေပေတေတေ လေလွင့်နေတတ်တဲ့ နတ်တွေကလည်း ငန်းအဖြစ်ကိုရယူပြီး ပူဇော်ပသတာ ခံယူလိုလာကြတယ်။ ဒီတော့ ပေပေတေတေ နတ်ငယ်တွေက ဂမ္ဘီရလောကီပညာရှင် ဆရာကြီးတစ်ဦးကို ဆက်သွယ်ပြောဆိုပြီး သူတို့လည်း ငန်းဖြစ်လိုကြောင်း ပြောကြပါတယ်။ ဆရာကြီးကလည်း တန်ခိုးကြီးတဲ့ နောက်ထပ်ရသေ့ကြီးတစ်ပါးကို ဆက်သွယ်ပြီး ငန်းတွေ ထပ်ထုတ်ဖို့ လျောက်ထားပါတယ်။

ရသေ့ကြီးကလည်း ပေပေတေတေနေတဲ့ စရိုက်ခပ်ဆိုးဆိုးနတ်ငယ်တွေ လူသူတော်ကောင်းတွေနဲ့ နီးစပ်ပြီး ဘုရားတရားကိုင်းရှိုင်းကာ ကုသိုလ်ရကြဖို့နဲ့ လူတွေကို ကူညီစောင်မနိုင်စေဖို့အတွက် သူတို့ကိုလည်း ငန်းအဖြစ် စီရင်ပေးဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ ရသေ့ကြီးနဲ့ ဆရာကြီး ပူးပေါင်းကာ “နားကုပ် တာထုန်ဒင် ငန်း”ကို စီရင်ထုတ်လုပ်ကြတော့တာပေါ့။ ဒီနတ်တွေဟာ ခပ်ကြမ်းကြမ်းနေတတ်တဲ့ နတ်တွေဖြစ်လို့ သူတို့အတွက်ငန်းရုပ်ကိုလည်း ဖားမျက်နှာကဲ့သို့ ခပ်ကြမ်းကြမ်းမျက်နှာအဖြစ် ဖန်တီးခဲ့ပြီး ကြမ်းတဲ့အသွင် ပေါ်လွင်စေကာ မျက်စိတွေကိုလည်း ကြေးနီနဲ့ နီရဲနေတဲ့မျက်စိပုံစံဖြစ်အောင် ထုတ်လုပ်စီရင်ခဲ့တာပါ။

ဒါကြောင့် ငန်းမျက်နီတွေဟာ သူတို့သဘာဝကိုက ပေပေတေတေနဲ့ စရိုက်ခပ်ကြမ်းကြမ်း သဘာဝ ဖြစ်ပါတယ်။ ငန်းမျက်နီက သူ့ပိုင်ရှင်ကို အတိုက်အခိုက်အပြိုင်အဆိုင်မှာ အနိုင်ရအောင်၊ စီးပွားရေး၊ လူမှုရေး၊ အရောင်းအဝယ်တွေ အဆင်ပြေအောင်၊ ဘေးရန်ကင်းအောင်၊ အကာအကွယ်ရအောင်၊ အိမ်ထောင်ရေးသာယာအောင်၊ အချစ်ရေးအဆင်ပြေအောင် စောင့်ရှောက်ပေးတတ်ပါတယ်။ သူတို့က နဂိုကတည်းကကို ခပ်ဆိုးဆိုး ခပ်ပေပေနေတဲ့ ငန်းတွေဖြစ်လို့ သူ့ပိုင်ရှင်က လိုအပ်လာတယ်ဆိုရင် ကောင်းတာရော မကောင်းတာရော အကုန်လုပ်ပေးတတ်ပါတယ်။ ပြောရရင်တော့ သူ့ပိုင်ရှင်တွေဟာ သစ္စာရှိတဲ့ လူမိုက်ကို လက်သပ်မွေးထားသလိုပေါ့။

ငန်းမျက်နီတွေဟာ အထူးသဖြင့် ပီယဘက်မှာ တစ်ဘက်ကမ်းခပ်အောင် ကောင်းတဲ့ငန်းတွေပါ။ လိင်ကိစ္စပိုင်းကို အလွန်စွဲဆောင်ပေးတတ်ပါတယ်။ သခင်အပေါ်မှာ သစ္စာရှိတဲ့ လူမိုက်လိုနတ်ဆိုတော့ သခင် ဘာလိုချင်သလဲ …လာထားပဲ…။ ဒီမိန်းကလေး လိုချင်တာလား… ရအောင်ဆွဲဆောင်ပေးမယ်၊ ဒီပစ္စည်း မတရားလိုချင်တာလား… ရတယ်..လုပ်ပေးမှာပေါ့၊ ဒီလူကို မကြိုက်ဘူးလား…ရတယ်လေ ကျွန်တော် တွယ်ပစ်လိုက်မယ် ဆိုတဲ့ ဒီဇိုင်းမျိုးတွေပါ။ ငန်းမျက်နီက ကောင်းတဲ့ကိစ္စမှာရော မကောင်းတဲ့ကိစ္စမှာပါ သုံးလို့ရတဲ့ ငန်းပေါ့။ ငန်းနဲ့ တိုက်တာ၊ ပြုစားတာ၊ ညှို့တာ၊ စေစားတာ လုပ်မယ်ဆိုရင် ငန်းမျက်စိနီနဲ့မှ အဆင်ပြေတယ်လေ။

ငန်းမျက်စိနီက ငန်းထဲမှာ ပိုင်ရှင်အပေါ်မှာ သူချစ်ရင် ချစ်သလောက် အရိပ်တကြည့်ကြည့်နဲ့ အရမ်းကူညီစောင်မတတ်တဲ့ ငန်းဖြစ်ပါတယ်။ ဒါကြောင့် ငန်းမျက်နီဆိုရင် ငန်းပညာရှင်တွေက အသည်းစွဲ ဖြစ်နေကြတာပါပဲ။ ငန်းမျက်နီက ပီယကိစ္စ အလွန်အားကောင်းလို့ လူငယ်တွေရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ အောက်လမ်းရော အထက်လမ်းရော၊ ယုတ်ညံ့တဲ့ကိစ္စရော မြင့်မြတ်တဲ့ကိစ္စပါ အသုံးပြုလို့ ရတာကြောင့် နတ်ဆရာတွေ မှော်ဆရာတွေကလည်း အလွန်ကြိုက်ကြပြန်တာပေါ့။

ငန်းမျက်နီ ထဲမှာလည်း ထိပ်ညွန့် ထိပ်လိမ် ထိပ်ကောက် ထိပ်တို ဆိုပြီး (၄)မျိုး ထပ်ကွဲပါသေးတယ်။ ဟူဟာလွန်းကတုံးပုံစံလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ ထိပ်ညွန့်ကတော့ ငန်းမျက်နီထဲမှာ အကြီးဆုံးအချုပ်ဖြစ်ပြီး “ငန်းတာဒင် ရန်တန်”လို့ ခေါ်ပါတယ်။ ထိပ်လိမ်ကတော့ စိတ်အာရုံများပြီး ပွေလီတတ်တဲ့ ငန်းမျက်နီပေါ့။ ထိပ်ကောက်ကတော့ စိတ်ရင်း ခပ်ကောက်ကောက် ပေပေတေတေလေးပေါ့။ ထိပ်တို ကတော့ စိတ်ဆတ်စိတ်မြန်တဲ့ ငန်းမျက်နီပေါ့။

ငန်းမျက်နီကို စီရင်ထုတ်လုပ်ခဲ့တဲ့ ရသေ့ကြီးနဲ့ ဆရာကြီးရဲ့ မူရင်းရည်ရွယ်ချက်ကတော့ ခပ်ပေပေ ခပ်မိုက်မိုက်နတ်တွေ လူနဲ့နီးပြီး ယဉ်ကျေးလာအောင် ဆိုပေမယ့် အချို့လူတွေနဲ့ မှော်ဆရာတွေက တလွဲသုံးပြီး ယုတ်ညံ့တဲ့ကိစ္စတွေမှာပါ သုံးစွဲလာတော့တာပါပဲ။ မမေ့သင့်တာ တစ်ခုကတော့ ဘယ်နေရာမှာ ဘယ်လိုပဲသုံးသုံး အဆုံးမှာတော့ “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကံအကျိုးပေးကတော့ ခံစားစံစားကြရမှာ မလွဲမသွေပါပဲ။ ငန်းမျက်နီကို မကောင်းတဲ့ကိစ္စတွေအတွက် အသုံးချလို့ ကိုယ်ပြုတဲ့ကံ အကျိုးပေးချိန် တန်လာရင် ငန်းမကလို့ သိကြားမင်းကြီးလည်း မကယ်နိုင်ဘူး ဆိုတာပါပဲ။

အချုပ်ပြောရရင်တော့ ငန်းမျက်နီဆိုတာ ခေတ်စကားနဲ့ပြောရရင် ငန်းလောကမှာ “ဆယ်လီ ငန်း”ပါပဲလေ။

မှတ်ချက်၊။ ။ နဘူငန်းများနှင့်ပတ်သက်သော ရာဇဝင်ကိုတော့ ကျွန်တော်လည်း ယနေ့ထိ တိတိကျကျ မသိရသေးတဲ့အတွက် လေ့လာဆဲလို့သာ ပြောပါရစေတော့။

ငန်းအကြောင်း ပြောကြစို့(၉)

စတုတ္ထခေတ် ငန်းများ

စတုတ္ထခေတ် ငန်းတွေကိုတော့ အယုဒယငန်း လို့ ခေါ်ကြပါတယ်။ ငန်းအငယ်မျိုးတွေပါပဲ။ ဖချိုင်နဲ့ စတုတ္ထခေတ်ငန်းတွေဖြစ်တဲ့ အယုဒယငန်းတို့က ခေတ်ပြိုင်ပေါ်ထွက်လာခဲ့တာလို့ ယူဆကြရပါတယ်။ (ဖချိုင်အကြောင်းကို သီးသန့်ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်) ဒါကြောင့် အယုဒယငန်းတွေကလည်း နှစ်ပေါင်း ၃၀၀ ၄၀၀ကျော်တွေပဲ ဖြစ်ပါတယ်။ အယုဒယငန်းဆိုပေမယ့် ထိုင်းနိုင်ငံက စီရင်တာ မဟုတ်ဘဲ အယုဒယခေတ်မှာ ပေါ်ခဲ့တဲ့ ခမာ(ကမ္ဘောရီးယား)နိုင်ငံက စီရင်ထုတ်လုပ်တာပါပဲ။ ရသေ့တစ်ပါး စီရင်ခဲ့တာလို့ သိရှိမှတ်သားရပါတယ်။ အယုဒယငန်းမှာလည်း ထိပ်ချွန်မိကစ်ပုံစံနဲ့ ကတုံးဟူဟာလွန်းပုံစံဆိုပြီး ၂မျိုးရှိပါတယ်။

အယုဒယငန်းတွေဟာ ငန်းစနေအစား နောက်ထပ် ထပ်ပြီးစီရင်ထုတ်လုပ်လိုက်တဲ့ ငန်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အယုဒယငန်းတွေရဲ့ အစွမ်းသတ္တိက ငန်းစနေရဲ့ အစွမ်းသတ္တိနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အယုဒယငန်းတွေဟာ အရွယ်အစားသေးငယ်ပြီး ပေါ့ပါးလို့ ဆောင်ရတာလည်း လွယ်ကူအဆင်ပြေလှပါတယ်။ “အယုဒယငန်းတွေကိုတော့ အရွယ်သေးလို့ အထင်မသေးလိုက်ပါနဲ့” လို့ပဲ ပြောရမှာပါပဲ။ ငန်းဝါသနာရှင်တွေရဲ့ ကိုယ်တွေ့တွေအရတော့ အယုဒယငန်းတွေက ငန်းပိုင်ရှင်တွေကို အလွန်သိသိသာသာ ကူညီစောင်မလေ့ ရှိကြောင်း တွေ့ရပါတယ်။

အယုဒယငန်းတွေဟာ ငန်းပိုင်ရှင်အပေါ်မှာ အလွန်အကျိုးပေးတတ်တဲ့ ထူးထူးခြားခြား ငန်းငယ်လေးတွေ ဖြစ်ပါတယ်။ အများအားဖြင့် ထိပ်ချွန်မိကစ်နဲ့ ကတုံးဟူဟာလွန်းပုံစံ တွဲလျက်ကလေး ရနိုင်တာကလည်း အယုဒယငန်းမျိုးပဲ ဖြစ်ပါတယ်။ ကျွန်တော် အရင်က ရေးဖူးတဲ့ “ဂူထဲက တောင်းလာတဲ့ငန်း” ဆိုတဲ့စာမှာ ဖော်ပြထားတဲ့ငန်းတွေက အယုဒယငန်းမျိုးတွေပဲ ဖြစ်ပါတယ်။ ငန်းဝါသနာပါလို့ ငန်းကို စပြီးဆောင်တော့မယ်ဆိုသူတွေမှာ အဦးဆုံးငန်းအဖြစ် အယုဒယငန်းကို ရွေးချယ်ဆောင်ကြသူမှန်သမျှ နောက်ထပ်ဒါမျိုးငန်းများ ရှိသေးလားလို့ ထပ်ရှာမိလောက်အောင်ကို အယုဒယငန်းတွေက အကျိုးပေးတတ်တာပါ။

အယုဒယငန်းတွေက အရွယ်သေးတဲ့အတွက် ခန္ဓာကိုယ်မှာ ဆောင်ထားလို့လည်းကောင်းပြီး လူတော်တော်များများနဲ့လည်း လိုက်လျောညီထွေအဆင်ပြေအောင် နေပေးတတ်တဲ့ ငန်းတွေဖြစ်ပါတယ်။ ဒါကြောင့် အယုဒယငန်းတွေကလည်း ငန်းပညာရှင်တွေရဲ့ အချစ်တော်တွေပါပဲ။

အယုဒယငန်းတွေဟာ သူတို့ပိုင်ရှင်နဲ့ ရင်းနီးခင်မင်လွယ်သလို သူတို့ပိုင်ရှင်ရဲ့ လိုအပ်ချက်တွေအပေါ်မှာ အတတ်နိုင်ဆုံး အလိုက်တသိနဲ့ ဖြည့်ဆည်းပေးချင်တဲ့ သဘောထားတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် ငန်းဆောင်တဲ့သူဟာ အယုဒယငန်းတစ်ဆူရှိနေရင် အတော်စိတ်ချမ်းသာပါတယ်။

အချုပ်ပြောရရင်တော့ အယုဒယငန်းဆိုတာ ဂမ္ဘီရဝါသနာရှင်တွေ အင်မတန်သဘောကျနှစ်ချိုက်ကြတဲ့ “အချစ်တော်ငန်း” တွေပါပဲ၊

ငန်းအကြောင်း ပြောကြစို့(၉)

ရှေးကာလရဲ့ နောက်ဆုံးခေတ်ငန်းများ

ရှေးကာလရဲ့ နောက်ဆုံးစီရင်ထုတ်လုပ်သွားတဲ့ ငန်းမျိုးတွေကတော့….

(၁) နားကုပ် ဖယ်တာဒင် လို့ခေါ်တဲ့ ဖားမျက်နှာ ကျောက်မျက်နီငန်း နဲ့

(၂) နားကုပ် တာပွန် လို့ခေါ်တဲ့ ဖားမျက်နှာ ငန်းမျက်ပြူး တို့ပဲ ဖြစ်ပါတယ်။

ဒီငန်း(၂)မျိုးကတော့ ခေတ်ပြိုင်ငန်းတွေဖြစ်ပြီး သူတို့ကိုလည်း တာဒင် နဲ့ တာပွန် ဆိုပြီးတော့ပဲ အလွယ်ခေါ်ကြတာပါ။ ဒီငန်းမျိုးတွေကိုတော့ စီရင်ခဲ့တဲ့တန်ခိုးရှင်က စိုင်ဒန်လို့ခေါ်တဲ့ အမှောင်နည်းနဲ့ စီရင်ခဲ့တာ ဖြစ်ပါတယ်။ ရှေးခေတ်ရဲ့ နောက်ဆုံးငန်းတွေဆိုပေမယ့် သူတို့သက်တမ်းကလည်း နှစ်၂၀၀လောက် ရှိပါပြီ။ သူတို့ကို စီရင်ခဲ့စဉ်က မန္တာန်ရွတ်ဖတ်ပြီး အသက်သွင်းရာမှာ ငန်းရုပ်တွေ ထခုန်လာတဲ့အထိ အသက်သွင်းစီရင်ခဲ့ကြတာပါ။ ဒါကြောင့် ဒီငန်းတွေရဲ့မျက်နှာကိုကြည့်ရင် အရမ်းအသက်ဝင်နေသလို ခံစားရပါလိမ့်မယ်။ အထူးသဖြင့် ကျောက်မျက်နီကို ညအမှောင်မှာကြည့်လိုက်ရင် မျက်လုံးတွေက သာမန်ကျောက်နီနဲ့မတူဘဲ ရဲရဲတောက်ပြီး အလင်းရောင်ထွက်နေသလို ခံစားရပါလိမ့်မယ်။

ဒီငန်းတွေရဲ့ ထူးခြားချက်ကတော့ ယုတ့်ညံ့တဲ့ကိစ္စတွေမှာ အလွန်အစွမ်းထက်တာပါပဲ။ ယုတ်နိမ့်တဲ့အရာတွေကိုလည်း သဘောကျတာ တွေ့ရတယ်။ လိင်ကိစ္စပိုင်းမှာ အလွန်စွမ်းတဲ့ ငန်းမျိုးတွေပါပဲ။ ပီယပိုင်း သူမတူအောင် ထူးချင်ရင်တော့ ဒီငန်းမျိုးဆောင်ရမှာပါ။ မျက်နှာပွင့် အလွန်ထူးတဲ့ ငန်းမျိုးပါပဲ။ ဒီလိုငန်းမျိုးရဲ့ပိုင်ရှင်အချို့က အဲဒီလိုင်းဘက်ကို အရမ်းလိုက်ဖို့အတွက် ဒီလိုငန်းမျိုးကို အမျိုးသမီးဓမ္မတာရာသီသွေး လောင်းပြီးတော့တောင် မွေးကြတာ ရှိပါတယ်။ကျွန်တော့်အနေနဲ့ပြောရရင်တော့ ဒါမျိုးရာသီသွေးလောင်းမွေးတာမျိုးကို မလုပ်စေချင်ပါ။ ငန်းကအရမ်းကြမ်းလာပြီး တွေ့သမျှ မိန်းကလေးချောချောကို အကုန်လိုက် ဆွဲဆောင်နေတတ်တဲ့အပြင် ရာသီသွေးလောင်းမွေးထားတဲ့အချို့ငန်းတွေဆို မိန်းကလေးချောချောအနားရောက်လာရင်ကို ဆောင်ထားတဲ့ငန်းက ထခုန်တဲ့အထိတောင် ရှိလာတတ်ပါတယ်။ ငန်းကိုမှောက်လျက်ထားပြီး အပျိုစင်မိန်းကလေးချောချောလေး ငန်းပေါ်ကို ခွကျော်ရင် ငန်းက သူ့ဟာသူအလိုလိုပက်လက်လှန်ပြီး ကြည့်တတ်တယ်ဆိုတာ ဒီလိုငန်းမျိုးပေါ့။

မိန်းကလေးရဲ့မလျော်ဖွပ်ရသေးတဲ့ အတွင်းခံပစ္စည်းနဲ့ ပွတ်ပေးတာတို့၊ မိန်းမအိမ်သာထဲမှာ သွားထားတာတို့၊ မိန်းကလေးရဲ့ကိုယ်အင်္ဂါပေါ်မှာ တင်ပေးတာတို့လည်း အချို့လုပ်ကြပါတယ်။ ကျွန်တော်ကတော့ ဒါမျိုးတွေ မလုပ်စေချင်ပါ ခင်ဗျာ။ ဒါမျိုးတွေလုပ်ရင် အဲဒီငန်းက မိန်းကလေးအဝတ်ခြင်းထဲ အလိုလိုသွားနေတတ်ပါတယ်။ ဒီငန်းကို မိန်းကလေးဆောင်ရင်လည်း ယောက်ျားလေးတွေကို အလွန် ဆွဲဆောင်တတ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသမီးက ဒီငန်းကို ကျွေးမွေးပြီးဆောင်ထားရင် မယားငယ်နဲ့ဖောက်ပြန်နေတဲ့ယောက်ျားတောင် မယားငယ်ကိုပစ်ပြီး ကိုယ့်ဆီကိုပြန်လာကာ ကိုယ့်ကိုပဲတန်းတန်းစွဲ ဖြစ်နေတတ်ပါတယ်။ မိန်းကလေးဆောင်ရင် ထမီကြားထဲ ထိုးဆောင်တာ ခါးမှာချည်ပြီးဆောင်တာတွေလည်း လုပ်လို့ရပါတယ်။

ငန်းထဲမှာ အလွန်ညစ်တီးညစ်ပတ်ကြိုက်တဲ့ငန်းမျိုးပါ။ ဒီငန်းမျိုးကို အသေအချာ ကျွေးမွေးပြီး မွေးထားရင် ကိုယ်ချစ်နေတဲ့မိန်းကလေး/ယောက်ျားလေးကို ငန်းရဲ့ထိပ်ချွန်လေးကို ပွတ်ပြီး ခေါ်ခိုင်းလို့တောင် ရပါတယ်။ ကြက်ဥအစိမ်းနဲ့ အရက်ကိုလည်း အလွန်ကြိုက်တတ်တဲ့ ငန်းမျိုးပါ။ ပီယအပြင် လာဘ်လာဘပွင့်အောင်လည်း မစတတ်ပါတယ်။ ဈေးခေါ်လာဘ်ခေါ်လည်း အလွန်ကောင်းတဲ့ငန်းပါ။ ဈေးရောင်းသူတွေ ဆောင်ထားရင် သိသိသာသာ အရောင်းအဝယ်မှာ ထူးခြားတတ်ပါတယ်။ အခြားဆိုင်က ၁၀၀နဲ့ရောင်းတဲ့ပစ္စည်းတစ်ခုကို ငန်းရှိတဲ့ဆိုင်က ၁၅၀နဲ့ရောင်းရင်တောင် ငန်းရှိနေတဲ့ဆိုင်မှာပဲ လာဝယ်တတ်ကြတဲ့အထိ ဈေးခေါ်ကောင်းတဲ့ငန်းပါ။

အတိုက်အခိုက် အပြိုင်အဆိုင်ဘက်လည်း နာမည်ကြီးတဲ့ ငန်းမျိုးပါ။ ဆရာချင်းတိုက်ရင် ပြိုင်ရင် ငန်းရှိတဲ့ဆရာက တစ်ပန်းသာပါတယ်။ ငန်းမျိုးထဲမှာ တန်ခိုးအပြဆုံးငန်းမျိုးဖြစ်ပြီး ကြမ်းလည်းအရမ်းကြမ်းပါတယ်။ ဒီလိုငန်းရှိတဲ့အိမ်ကို သူခိုးလည်း မကပ်ဝံ့ပါဘူး။ ရန်ပြုမယ့်သူလာရင် ငန်းက ခြောက်လှန့်ပြီး လွှတ်တတ်ပါတယ်။ ဒီငန်းမျိုးရှိတဲ့အိမ်မှာ ညအချိန်ဆို အိမ်ကို တစ်ယောက်ယောက်က ကင်းစောင်ပေးနေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက်နဲ့ အစွမ်းပြပေ့ဆိုတဲ့ ငန်းမျိုးမှ ကြိုက်တာဆိုတဲ့ ငန်းဝါသနာရှင်မှန်သမျှက “တာဒင်တို့ တာပွန်”တို့ဆိုရင် အလွန်သဘောကျနှစ်ခြိုက်နေကြတာပါ။

အချုပ်ဆိုရရင်တော့ “နားကုပ် ဖယ်တာဒင်” နဲ့ “နားကုပ် တာပွန်”တို့ဟာ လူငယ်တွေရဲ့ အသည်းစွဲ အစောင့်ကြမ်းတဲ့ “ခပ်မိုက်မိုက် ငန်း”တွေပါပဲ။

ငန်းအကြောင်း ပြောကြစို့(၁၀)

ငန်းရုပ်ရဲ့ အသားအမျိုးအစားများ

ငန်းရုပ် သွန်းလုပ်ထားတဲ့ ကြေးသားက ယခုခေတ်ကြေးသားမျိုးမဟုတ်ဘဲ သတ္ထု စပ် အသားမျိုးပါ။

ငန်းရုပ်ကြေးသားကိုကြည့်ပြီး ငန်းရုပ်ကို

(၁) ထော်ဘူဝ လို့ခေါ်တဲ့ ရွှေများတဲ့အသား

(၂) ပါလွတ်ခေါ်တဲ့ ပြဒါးများတဲ့အသား

(၃) စံခဝနွန်လို့ခေါ်တဲ့ သံများတဲ့အသား

(၄) စံမလိခေါ်တဲ့ ရှေးဟောင်းကြေးသား များတဲ့အသား … ဆိုပြီး အကြမ်းဖျင်းအားဖြင့် (၄)မျိုးခွဲလို့ ရပါတယ်။

ထော်ဘူဝ ဆိုတဲ့ ရွှေများတဲ့အသားကတော့ ငန်းကိုကြည့်လိုက်ရင် ရွှေရောင်ဝင်းနေပါတယ်။

ပါလွတ်ခေါ်တဲ့ ပြဒါးများတဲ့အသားကတော့ ခပ်ဖြူ ဖြူ ခပ်မှိန်မှိန် အသားမျိုးပါ။ စံခဝနွန် လို့ခေါ်တဲ့ သံသားများတဲ့အသားကတော့ ခပ်ညို့ညို့ခဲရောင်ပေါ့။ စံမလိခေါ်တဲ့ ရှေးဟောင်းကြေးသားကတော့ အနီနဲ့အဝါညို့ညို့ အရောင်ပြေးပါပဲ။ ဒီလိုမျိုး အသားအရောင်ကွာခြားမှု ရှိပါတယ်။ အစစ်အတု ခွဲတဲ့အခါမှာ ဒီလို ငန်းရဲ့အသားအရောင်ကိုလည်း ဂရုစိုက်ပြီး ကြည့်ရပါတယ်။

ငန်းကို စီရင်ခဲ့သူတွေက ကြေးကမ္မဝါတွေ၊ အင်းချပ်တွေ၊ ရေသံ၊ ရွှေ၊ ငွေ၊ ရှေးခေတ်အဆောင်ပစ္စည်းကောင်းတွေ၊ စစ်နိုင်ပြန်လာတဲ့လက်နက်တွေ၊ သေဒါဏ်ပေးရာမှာ ဓားကျိုးတဲ့အပိုင်းအစတွေ၊ ပြဒါးသေ၊ သံသေ စတာတွေကို ရောကျိုပြီး သွန်းလုပ်ကြတယ်လို့ မှတ်သားရပါတယ်။ ဒါ့အပြင် ဂမုန်းပေါင်းစုံ၊ ကျီးပေါင်းပေါင်းစုံ၊ သင်္ချိုင်း၇ခုကမြေကြီး၊ ဘုရားပွင့်ရာဒေသကမြေကြီး၊ သိဒ္ဓိဝင်ဆေးအမျိုးမျိုး၊ သိဒ္ဓိဝင်ပြာအမျိုးမျိုးကို ဌာပနာပြု ပြီး သွန်းလုပ်ရတာလို့ မှတ်သားရဖူးပါတယ်။ ဒါကြောင့် ငန်းအစစ်ရဲ့ ကြေးသားက အခြားအရုပ်များနဲ့မတူဘဲ သိသိသာသာ အရောင်အသား ကွဲပြားနေတာပါ။ ဒါ့အပြင် ငန်းအောက်ခြေက ဌာပနာမြေကြီးကလည်း သိသိသာသာ မာကြောကျစ်လစ်ပြီး အခြားအရုပ်တွေရဲ့မြေသားနဲ့ အရောင်မတူတာ တွေ့ရပါတယ်။

ဒီလိုတွေ ပြောပြနေတာက ကျွန်တော့်ဆရာတွေ ဆရာတော်ကြီးတွေဆီကနေ ကျွန်တော်ကြားဖူး မှတ်သားရဖူးတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးတဲ့ သဘောလောက်ပါပဲ။ တကယ်ဒီလိုပစ္စည်းတွေ ပါမပါ မင်းဘယ်လိုသိသလဲလို့ ကပ်သပ်မေးရင်တော့ ကျွန်တော်တို့ဘိုးဘေးတွေတောင် မမွေးသေးတဲ့ခေတ်က စီရင်ခဲ့တဲ့ ငန်းရုပ်တွေထဲမှာ အတိအကျ ဘာပါတယ်ရယ်လို့ ကျွန်တော်တို့က ဘယ်လိုသိနိုင်ပါ့မလဲဗျာ။ ဒါပေမယ့် “သက်ကြီးစကား သက်ငယ်ကြား” ဆိုသလို ပညာရှင်ဆရာတွေ အစဉ်အဆက်က လက်ဆင့်ကမ်းပြောကြားလာခဲ့တဲ့ စကားတွေကို ကျွန်တော့်ဆရာတွေဆီကနေတဆင့် မှတ်သားထားပြီး ငန်းဝါသနာရှင်တွေ သိရအောင် ဗဟုသုတသဘောလောက် ပြန်ပြောပေးတာပါ။

ဒါကြောင့် ယုံချင်မှ ယုံပါ။ ယုံပါလို့လည်း အတင်းမတိုက်တွန်းပါဘူး။ ငန်းရောင်းချင်လို့ ပြောနေတာလည်း မဟုတ်ပါဘူး။ အခု ကျွန်တော့်မှာ လတ်တလော ရောင်းစရာငန်းလည်း မရှိသေးပါဘူး။ ၁၅ရက်နေ့ကျော်မှ ငန်းတွေအသစ်ထပ်ရှာတွေ့ရင် ပြန်မျှပေးနိုင်မှာပါ။ ထပ်ရမရတော့ ကျွန်တော်လည်း မသေချာပါ။ ဒီလိုပစ္စည်းမျိုးတွေက ပေါပေါများများ အလွယ်တကူ ရတတ်တာမျိုး မဟုတ်ပါ။ အချိန်ပေးပြီး လိုက်နိုင်မှ ကံစပ်မှလည်း ရတတ်တာပါ။ မြင်ယုံမြင်ခဲ့ရပြီး မရခဲ့လို့ ဒီတိုင်းကြည့်ပြီး ပြန်လာခဲ့ရတာမျိုးတွေလည်း မနည်းပါဘူး။ သူ့ဆီကငန်းလိုချင်ရင် ဘယ်အဆောင်ပြန်ရှာပေးမှ ပေးမယ်ဆိုတာမျိုးတွေလည်း အများကြီးပါ။ လူကိုယ်တိုင်သွားကြည့်ပြီး အတုအစစ်သေချာအောင် အပြန်ပြန်အလှန်လှန် စစ်ဆေးဆုံးဖြတ်ရပါတယ်။ ဒီလို ခက်ခက်ခဲခဲနဲ့ ငန်းတစ်ဆူရအောင် လိုက်ရတာပါ။ ဒါကြောင့်လည်း ဈေးပေါပေါနဲ့ ပြန်မရောင်းပေးနိုင်တာပါ။

ငန်းအကြောင်းရေးပေးတာက ဝါသနာရှင်တွေ လေ့လာလို့ရယုံ သက်သက်ပါ။ ကျွန်တော်က ပစ္စည်းရောင်းတဲ့အခါ အစစ်အတုပဲ စကားပြောပါတယ်။ ကျွန်တော်ရောင်းတဲ့ပစ္စည်း အစစ်ဖြစ်ကြောင်း အာမခံပါတယ်။ ကြိုက်တဲ့ဆရာနဲ့စစ်ပါ(နားလည်တဲ့ဆရာတော့ ဖြစ်ပါစေနော်)။ ကျွန်တော် အဆောင်ပစ္စည်းရောင်းရင် အစစ်ဖြစ်ကြောင်းသာ အာမခံပြီး အစွမ်းတန်ခိုး မပြောပါ။ ဘာစွမ်းတယ်ဆိုတာ ကိုယ့်ဟာကိုယ်လေ့လာကြပါ။ အစွမ်းတန်ခိုးတွေ မပြောတာက ဒါမျိုးဆိုတာ ဘယ်သူမှ အာမခံပြောဖို့ လက်တွေ့မလွယ်ပါ။ အဆောင်ပစ္စည်းဆိုတာမျိုးကလည်း ဆောင်တဲ့သူအပေါ်လိုက်ပြီး တစ်ယောက်အပေါ်နဲ့ နောက်တစ်ယောက်အပေါ် အစွမ်းပြတာ တူချင်မှ တူတာပါ။ အဆောင်အစစ်ဆိုတာ ခုဆောင်လို့ ခုချက်ချင်းလည်း ထူးခြားချင်မှ ထူးခြားမှာပါ။ အဆောင်ရဲ့ အစောင့်အရှောက်တွေက အဆောင်ဆောင်သူနဲ့ ရင်းနီးချစ်ခင်လာမှ အကျိုးပေးလာတတ်တာမျိုးလည်း ရှိပါတယ်။ အဆောင်ဆိုတာ သူတို့ကို တရိုတသေ ဂရုတစိုက် ဆောင်မှ သူတို့ကလည်း ကိုယ့်ကို ပြန်ဂရုစိုက် စောင့်ရှောက်ပေးတာမျိုးပါ။ ပစ်စလတ်ခတ် ပစ်ထားလိုက်ရင်တော့ သူတို့လည်း သူတို့ဟာသူတို့ပဲ နေကြမှာပါ။

ဒါကြောင့် ကျွန်တော့်ဆီမှာ အဆောင်ဝယ်ရင် ဘာစွမ်းလဲ မမေးကြပါနဲ့။ ဘာစွမ်းတယ်ဆိုတာ ကိုယ့်ဟာကို လေ့လာကြပါ။ အဆောင်ပစ္စည်းတွေအကြောင်း ဗဟုသုတအဖြစ် ဒီpageမှာလည်း တင်ပေးထားတာ ရှိပါတယ်။ သေချာရှာဖတ် မှတ်သားကြပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်သူများ googleလိုနေရာမျိုးမှာလည်း အများကြီး ရှာဖတ်လို့ ရပါတယ်။ ကျွန်တော်ကတော့ ဘာစွမ်းတယ်လို့ ပြောရောင်းရတာမျိုး ဝါသနာမပါပါ။ အစစ်ဖြစ်ကြောင်းသာ အာမခံပေးတာပါ။

အထူးပြောချင်တာကတော့ သူများဆီက ဝယ်လာတဲ့ အဆောင်တွေကို အတုအစစ်လာမခွဲခိုင်းပါနဲ့ခင်ဗျာ။ သူများဆီကဝယ်လာတဲ့အဆောင်ကို ကျွန်တော်က အတုအစစ် လုံးဝမခွဲပေးပါဘူး။ ပြဿ နာမရှုပ်ချင်လို့ပါ။ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ နောက်လည်း ဗဟုသုတတွေ ထပ်တင်ပေးပါဦးမယ်လေ။

ငန်းအကြောင်းပြောကြမယ်(၁၁)

အရင်က နံပတ်၁၀ POSTမှာ ငန်းရဲ့ အသားအရောင်အမျိုးအစားခွဲနည်းတွေကို စာတွေ့ပြောပြခဲ့ပြီးပါပြီ။ အခု လက်တွေ့လေ့လာကြရအောင်ပါ။

၁.. ထော်ဘူဝ လို့ခေါ်တဲ့ ရွှေဓာတ်ကဲသောအရောင်

ဒီလို ထော်ဘူဝအသားနဲ့ငန်းက ဆောင်ထားလေလေ ရွှေရောင်တောက်လာလေလေပါပဲ။ ငန်းသွန်းလုပ်စီရင်ခဲ့စဉ်က ရွှေဓာတ်ကဲထားလို့ ခုလိုဝင်းလက်တောက်ပနေတာပါ။ ထော်ဘူဝအသားကတော့ မြင်တာနဲ့ မှတ်မိလွယ်ပြီး အလွန်သိသာပါတယ်။

၂.. ပါလွတ် လို့ခေါ်တဲ့ ရေပြဒါးဓာတ်ကဲသောအရောင်

ပါလွတ်အသားနဲ့ငန်းကျတော့ သူ့အရောင်က နည်းနည်း ဖြူဖျော့ဖျော့လေးပါ။ ပါလွတ်အသားနဲ့ စံခဝနွန်အသားက ရုတ်တရက်ဆို ခွဲရခက်သလို ရှိတတ်ပေမယ့် ပါလွတ်အသားက အရောင်ပိုဖျော့ပြီး ပိုမှိန်ပါတယ်။ ရေပြဒါးဓာတ် ကဲပြီ စီရင်ခဲ့တာကြောင့် ခုလိုအရောင်ဖျော့မှိန်မှိန်လေး ဖြစ်နေရတာပါ။

၃.. စံခဝနွန် လို့ခေါ်တဲ့ သံဓာတ်ကဲသောအသား

စံခဝနွန်အသားနဲ့ငန်းဆိုရင် ဝါကျန့်ကျန့်အရောင်ထဲမှာ ခဲရောင်လို မှိုင်းညို့ညို့လေး ဖြစ်နေတတ်ပါတယ်။ သံဓာတ်များတယ်ဆိုပေမယ့် သတ္ထုစပ်တဲ့အခါ သတ္ထုစပ်တို့သဘောအရ ကြေးပါနေရင် သံအရောင်မပေါ်တာကြောင့် ရိုးရိုးသံအရောင်တော့ မထွက်ပါဘူး။ ဝါကျင့်ကျင့်ကြေးရောင်ထဲမှာ ခဲရောင်လေးမှိုင်းညိုညို့စွက်နေတဲ့အရောင်မျိုးပဲ ထွက်ပါတယ်။ သူကတော့ သံဓာတ်ကိုကဲပြီး စီရင်ခဲ့တာကြောင့် အခုလိုဝါကျင့်ကျင့်မှိုင်းညို့ညို့ ဖြစ်နေရတာပါ။

၎.. စံမလိ လို့ခေါ်တဲ့ ကြေးဓာတ်ကဲသောအသား

စံမလိအသားနဲ့ငန်းဆိုရင်တော့ နီညိုရောင်အဆင်းနဲ့ဖြစ်ပြီး ကြေးညှိတွေအမြောက်အများတက်နေလို့ ကြေးညှိအစိမ်းရောင်ပေါက်နေတတ်ပါသေးတယ်။ စံမလိအသားကလည်း မြင်တာနဲ့ သိလွယ်ပါတယ်။ ကြေးဓာတ်ကဲပြီး စီရင်ခဲ့လို့ အခုလိုအရောင် ဖြစ်နေရတာပါ

ငန်းကို ဘယ်လိုပူဇော်ရမလဲ(၁)

ငန်းတစ်ဆူကို ကိုယ့်အိမ်ဆီကို ပင့်ဆောင်လာပြီဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ အိမ်စောင့်နတ်မင်းများကို ခွင့်တောင်းနှုတ်ဆက်ခြင်းပါပဲ။ ဒီလိုလုပ်ရလို့ အချို့က ငန်းကို မကောင်းဆိုးရွားလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ငန်းဆိုတာ နတ်ငယ်တစ်မျိုးပါ။ မကောင်းဆိုးရွားမဟုတ်ပါဘူး။ ဒါကိုလည်း ကျွန်တော် အကြိမ်ကြိမ်ရှင်းပြပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဘာလို့ အိမ်စောင့်နတ်ကို အခွင့်တောင်းရသလဲဆိုတော့ နတ်လောကမှာလည်း နတ်စည်းရှိပါတယ်၊ သူ့စည်းကိုယ့်စည်း ရှိပါသေးတယ်။ အိမ်တစ်အိမ်မှာဆို အိမ်စောင့်နတ်က အိမ်ရှင်ပါ၊ အိမ်ဆိုတာ အိမ်စောင့်နတ်ရဲ့ ပိုင်နက်ပါ။ နတ်တွေဆိုတာ သူ့စည်းကိုယ့်စည်းနဲ့ နေတာမလို့ ကိုယ်ကအခွင့်မတောင်းပေးရင် ငန်းက အိမ်ထဲလိုက်မလာချင်ပါ။ ဒါကြောင့်မလို့ အိမ်စေင့်နတ်ကို အခွင့်တောင်းပေးရတာပါ။ အသစ်ရောက်လာတဲ့ ငန်းနဲ့ အိမ်ရှင်အိမ်စောင့်နတ်ကို ကိုယ်က ကြားထဲကနေ မိတ်ဆက်ပေးရတဲ့ သဘောပါပဲ။

ဒါကြောင့် ငန်းတစ်ဆူ ပင့်ဆောင်လာပြီဆိုရင် ငန်းကို အိမ်ထဲမသွင်းခင် အိမ်စောင့်နတ်ကို ခွင့်တောင်းပြီး ငန်းနဲ့ အိမ်စောင့်နတ်၊ ငန်းနဲ့အိမ်သူအိမ်သားတွေကို မိတ်ဆက်ပေးရပါမယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အိမ်ရှေ့မှာ အမွှေးတိုင်သုံးတိုင်ထွန်းပါ။ ငန်းကို လက်ထဲမှာ ကိုင်ထားပါ။ ပြီးရင် “အိမ်စောင့်နတ်မင်းကြီးခင်ဗျား… ကျွန်တော်/ကျွန်မ မောင်ဘယ်သူ/မဘယ်သူသည် ဤအဘိုးငန်းကို ဘယ်မြို့ ဘယ်ရက်ကွက်ရှိ အိမ်နံပတ်ဘယ်လောက်ဖြစ်သော အိမ်ထဲမှာ ပင့်ဆောင်ပူဇော်ထားလိုပါသဖြင့် ခွင့်ပြုပေးတော်မူပါ။ အဘိုးငန်းခင်ဗျား… ဘယ်မြို့ ဘယ်ရက်ကွက်က အိမ်နံပတ်ဘယ်လောက်ဖြစ်သော အိမ်မှာ ယနေ့မှစ၍ နေထိုင်တော်မူပါ။ ကျွန်တော်/ကျွန်မနှင့်တကွ အိမ်သူအိမ်သားများဖြစ်သော ဦးဘယ်သူ ဒေါ်ဘယ်သူ ကိုဘယ်သူ မောင်ဘယ်သူ မဘယ်သူ တို့ကိုလည်း စောင့်ရှောက်မ,စ ပေးတော်မူပါ။ အဘိုးငန်းကို ဤအိမ်ထဲတွင် နေထိုင်ဖို့ ပင့်ဖိတ်ပါတယ်” လို့ ရွတ်ဆိုရပါမယ်။ဒီလိုလုပ်ပြီးမှ ငန်းကို အိမ်ထဲသို့ ပင့်ဆောင်ပူဇော်ရမှာ ဖြစ်ပါတယ်။

ငန်းကို ဘယ်လို ပူဇော်ရမလဲ(၂)

အိမ်ထဲကို ငန်းတစ်ဆူ ပင့်ဆောင်လာပြီဆိုရင် ငန်းအတွက် နေစရာနေရာတစ်ခု စီစဉ်ပေးရပါမယ်။ ငန်းကို ဘုရားဆောင်ပေါ်မှာ မထားရပါဘူး။ ဘုရားဆောင်ထက် မြင့်တဲ့နေရာတို့ ဘုရားဆောင်နဲ့ တန်းတူနေရာတို့မှာလည်း မထားရပါဘူး။ အခြားနတ်စင်တွေမှာလည်း ရောမထားရပါဘူး။ နေရာလေးတစ်နေရာ သီးသန့်ထားပေးရပါမယ်။

ငန်းအတွက် နေရာစီစဉ်ပြီးရင် ငန်းကို အဲဒီနေရာမှာ ထားပါမယ်။ ပြီးရင် ငန်းကို ကြက်ဥနဲ့ စိမ်ရပါမယ်။ ထိုင်းစကားမှာ ခိုင်ဆိုတာ “ဥ”လို့ အဓိပ္ပာယ်ရသလို နောက်တစ်မျိုးက ရောင်းချတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ခိုင်ကိုင်ဆိုရင် ကြက်ဥပေါ့။ ခိုင်အွတ်ဆိုတာကတော့ အန်ထုတ်ခိုင်းတာဖြစ်ပါတယ်။ ငန်းကို ရှေးအစဉ်အဆက် ပိုင်ရှင်အမျိုးမျိုးက ကိစ္စအမျိုးမျိုးအတွက် ပူဇော်ခဲ့ကြတာကြောင့် ယခင်ပိုင်ရှင်ဟောင်းတွေရဲ့ စရိုက်အကြိုက်တွေက ငန်းမှာ စွဲနေတတ်ပါတယ်။ အဲလို ယခင်ကစွဲနေတဲ့ အစွဲတွေကို သန့်ရှင်းသွားအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ ငန်းပိုင်ရှင်ရဲ့စိတ်နေစိတ်ထားအတိုင်း ငန်းကလည်း အလွယ်တကူ ပြောင်းလဲလာပြီး ငန်းနဲ့ငန်းပိုင်ရှင် ရင်းနီးနှောင်ဖွဲ့မှု မြန်မြန်ရလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ငန်းကို ပိုင်ရှင်ဟောင်းရဲ့ စရိုက်တွေ အစွဲတွေ သန့်ရှင်းသွားအောင်လို့ ကြက်ဥနဲ့ စိမ်ပေးရပါတယ်။ ကြက်ဥရည်ထဲမှာ ငန်းကို အနည်းဆုံး ၄နာရီခန့်ကြာအောင် စိမ်ထားရပါမယ်။ ပြီးမှ ရေသန့်သန့်နဲ့ သေချာပြောင်သွားအောင် ဆေးကြောရေချိုးပေးရပါမယ်။

ငန်းကို မကြာခဏ ကြက်ဥနဲ့ စိမ်ပေးခြင်းဖြင့် ငန်းရဲ့ ညှို့ဓာတ်တွေ တက်လာပြီး ငန်းနဲ့ငန်းပိုင်ရှင်နဲ့ ရင်းနီးမှု ပိုဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် ငန်းပိုင်ရှင်တွေက ငန်းကို မကြာခဏ ကြက်ဥနဲ့စိမ်ပေးကြတာ ဖြစ်ပါတယ်။ ငန်းရုပ်တုစီရင်ရာမှာ ပါဝင်တဲ့ ပြဒါးသေဓာတ်က ကြက်ဥကို အလွန်ကြိုက်တာကြောင့် ငန်းကို ကြက်ဥနဲ့စိမ်ထားတဲ့အခါမှာ ပြဒါးသေက အခြားပြဒါးဓာတ်တွေကို ဆွဲဆောင်ယူပြီး ပြဒါးသေဓာတ်ရဲ့အစွမ်းကို မြှင့်တင်ပါတယ်။ ငန်းကို ကြက်ဥစိမ်ပြီးတာနဲ့ ချက်ချင်း ရေသန့်သန့်နဲ့ သေချာပြောင်စင်အောင် ဆေးကြောရေချိုးပေးရပါမယ်။ ငန်းစိမ်ထားတဲ့ ကြက်ဥကိုတော့ ချက်ပြုတ် မစားရတော့ဘဲ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

ငန်းကို ကြက်ဥစိမ်းအရည်မှာ မကြာခဏ စိမ်ပေးခြင်းဖြင့် ငန်းရဲ့ညှို့ ဓာတ်ကို မြင့်စေပြီး ငန်းပိုင်ရှင်ကို ပိုမိုခင်တွယ်လာစေပါတယ်လို့ ငန်းနဲ့ပတ်သက်တဲ့ လျို့ဝှက်ချက်တစ်ခုကို ပြောပြပေးလိုက်ပါရစေဗျာ။

ကျေးဇူး တင်​ပါတယ်

Credit…

=
=

Related posts

sorry...

Website is Protected by WordPress Protection from eDarpan.com.